ခန္ဓာကိုယ်ရှိ အလုပ်အရှုပ်ဆုံး အစိတ်အပိုင်းလေး ကျန်းမာဖို့…❣️

♥️ ခန္ဓာကိုယ်ရဲ့ အလုပ်အရှုပ်ဆုံး အစိတ်အပိုင်းကတော့ တစ်ရက်မှာ (၂၄)နာရီ၊ တစ်ပတ်မှာ (၇)ရက်လုံး မရပ်မနား၊ မမောမပန်း သွေးများကို ညှစ်ထုတ်ပေးရတဲ့ “နှလုံး”ပဲ ဖြစ်ပါတယ်။

✨ “နှလုံး”ဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များကို ပို့ဆောင်ကာ အညစ်အကြေးများကို ဖယ်ရှားပေးနေတဲ့အတွက် အလုံးစုံသော ကျန်းမာရေးကောင်းနိုင်ဖို့ အထူးလိုအပ်တဲ့ အရာတစ်ခုပါပဲ။

နှလုံးကျန်းမာရေးကို ဂရုစိုက်နိုင်ဖို့ နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေပေါ် မူတည်နေပါတယ်။
✔️ အစားအသောက်
✔️ ကိုယ်လက်လှုပ်ရှားမှု
✔️ ဆေးလိပ်သောက်ခြင်း
✔️ ကိုလက်စထရော ထိန်းခြင်း
✔️ သွေးပေါင်ချိန် ထိန်းခြင်း၊ အစရှိတဲ့ (၅)ချက်က နှလုံးအပေါ်မှာ သက်ရောက်မှုကြီးမားတဲ့ အရာတွေ ဖြစ်ပါတယ်။

နှလုံးကို ကျန်းမာစေသော စားသောက်မှုပုံစံအတွက်
🔻 ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရောင်ရှိ ဟင်းရွက်၊ အသီးအနှံတို့ကို များများစားပါ။
🔻 အချိန်အကြာကြီး ဗိုက်ပြည့်နေစေပြီး စွမ်းအင်ပေးနိုင်တဲ့ ဆန်လုံးညိုကို စားပါ။
🔻 အနီရောင်ရှိတဲ့ အသားတွေကို လျှော့စားပြီး ငါးနဲ့ အရေခွံဖယ်ထားတဲ့ ကြက်သားတို့ကို စားပါ။
🔻 ဟင်းချက်တဲ့အခါ ဆီလျှော့သုံးပါ။
🔻 ဆား၊ ဟင်းချိုမှုန့်အစား ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ ငရုတ်တို့ကို ဟင်းခတ်မှုန့်အဖြစ် သုံးပါ။
🔻 သကြားများတဲ့ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီတွေ လျှော့သောက်ပါ။

🏃🏻‍♀️ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းက နှလုံးရောဂါကိုအဖြစ်များစေတဲ့ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ကိုလက်စထရော မြင့်တက်ခြင်း၊ အဝလွန်ခြင်းစတာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းဟာ နှလုံးအမောဖောက်ခြင်း (သို့မဟုတ်) နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေမှာပါ။ ဒါကြောင့် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းအနေဖြင့် တစ်ရက်ကို အနည်းဆုံး မိနစ် (၂၀) ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးသင့်ပါတယ်။

နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်ခြင်းဟာ
❗️ ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများကို ပျက်စီးစေကာ နှလုံးအမောဖောက်ခြင်း (သို့မဟုတ်) လေဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို (၄)ဆ
❗️ ရုတ်တရက် နှလုံးရပ်သွားခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို (၃)ဆ
မြင့်တက်စေပါတယ်။
🚭 ဒီလို ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေကို သိထားကာ ထင်သလောက် မလွယ်သော်လည်း အားမလျှော့ဘဲ ဆေးလိပ်ကို သေချာပြင်ဆင်လေ့ကျင့်ပြီး စွဲစွဲမြဲမြဲ ကြိုးစားဖြတ်ရပါမယ်။

နှလုံးကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ အလုံးစုံကျန်းမာဖိုအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တာကြောင့် အထက်ဖော်ပြပါ ကျန်းမာရေးအလေ့အကျင့်များဖြင့် ယနေ့မှစ၍ ပိုမိုကျန်းမာသန်စွမ်းတဲ့ နှလုံးကို ပိုင်ဆိုင်ထိန်းသိမ်းနိုင်ကြဖို ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါစို…💜

Leave a Comment