💁‍♀️ B6 ဆိုတာ ကားမူးပျောက်ဆေးလား?

👉 ကားမူးပျောက်ဆေးလိုချင်လို့ ဆေးဆိုင်မှာ B6 တစ်ကဒ်လောက်ဆိုပြီး သွားဝယ်ဖူးပါသလားရှင့်

❗️ တကယ်တော့ B6 ဆိုတာ ကားမူးပျောက်ဆေး မဟုတ်ပါဘူး။ B6 ဘူးထဲမှာပါတဲ့ ဆေးလုံး အဝါလေးတွေလို ကားမူးပျောက်ဆေး Dimenhydrinate (ဒိုင်မန်ဟိုက်ဒရီနိတ်) ကလည်း ဆေးလုံးအဝါလေးတွေဖြစ်တာကြောင့် ပုံစံတူနေလို့ ရောသွားပြီး ကားမူးပျောက်ဆေးကို B6 လို့ ထင်သွားတာ ဖြစ်ပါတယ်။

✅ ကားမူးမှာစိုးလို့ ဆေးကြိုသောက်ကာမှ ကားမူးပျောက်ဆေး မသောက်မိဘဲ B6 ကို မှားသောက်မိမယ်ဆိုရင် လိုချင်တဲ့ ကားမူးပျောက်စေတဲ့ အာနိသင် ရရှိမှာ မဟုတ်ပါဘူး။ ထိုကဲ့သို့ပင် B6 သောက်ရမယ့် အစား ကားမူးပျောက်ဆေးကို မှားသောက်မိပြန်ရင်လည်း လိုချင်တဲ့ B6 ရဲ့ အာနိသင်ကို ရမှာ မဟုတ်ပြန်ပါဘူး။ ဒီတော့ အနာနဲ့ ဆေးနဲ့မလွဲအောင် ကားမူးပျောက်ဆေး လိုချင်တယ်ဆိုရင် ကားမူးပျောက်ဆေး ဒါမှမဟုတ် ဒိုင်မန်ဟိုက်ဒရီနိတ်လို့ ပြောဝယ်ရမှာ ဖြစ်ပါတယ်။

🙌 အခါအခွင့်သင့်တုန်း B6 နဲ့ ကားမူးပျောက်ဆေး ဒိုင်မန်ဟိုက်ဒရီနိတ် အကြောင်း ဆက်လက်မျှဝေပါရစေ။

🟡 ဗီတာမင် B6 ကို pyridoxine လို့လည်း ခေါ်ဆိုပါတယ်။ B6 သည် ခန္ဓာကိုယ်အတွင်းရှိ သကြား၊ အဆီနှင့် ပရိုတင်းများ၏ မှန်ကန်သောလုပ်ဆောင်ချက်များအတွက် လိုအပ်ပါတယ်။ ဦးနှောက်၊ အာရုံကြောများ၊ အရေပြားနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း လိုအပ်ပါသည်။ B6 ကို ကောက်နှံများ၊ ပဲအမျိုးမျိုးနှင့် ဥအမျိုးမျိုးတို့မှ သဘာဝအတိုင်း ရရှိနိုင်ပါတယ်။ ဗီတာမင် B6 ချို့တဲ့ခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် သီးသန့်ဆေးဝါးအနေနဲ့ရော၊ အခြားသော ဗီတာမင်ဘီများနှင့် တွဲဖက်ပြီးတော့ပါ ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ ဗီတာမင် B6 ကို နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ဆောင်စဉ် မူးဝေပျို့အန်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါနှင့် အတက်ရောဂါတို့တွင် အသုံးပြုပါတယ်။ တီဘီဆေးဖြစ်တဲ့ Isoniazid သောက်ရတဲ့ လူနာတွေမှာလည်း B6 ချို့တဲ့တတ်တာကြောင့် ထိုလူနာများမှာလည်း B6 သောက်ရလေ့ ရှိပါတယ်။

☑️ ဒိုင်မန်ဟိုက်ဒရီနိတ်ကိုတော့ ခရီးသွားယာဉ်များစီး၍ ဖြစ်သော မူးမော်ခြင်း၊ ပျို့အန်ခြင်းများကို ကာကွယ်ကုသရန် အမူးပျောက်ဆေးအဖြစ် လူကြီးများနဲ့ ကလေး အသက် (၂) နှစ်ကျော်မှ စလို့ အသုံးပြုနိုင်ပါတယ်။ အာနိသင် အကောင်းဆုံး ရဖို့အတွက် ယာဉ်မစီးခင် မိနစ် (၃၀) မှ (၆၀) အတွင်း ကြိုသောက်ရပါမယ်။ ပထမတစ်ခါ ဆေးသောက်ပြီး (၈) နာရီ ကျော်သည်အထိ သွားတဲ့ခရီးစဉ် မပြီးသေးဘဲ ယာဉ်ထပ်စီးရဦးမယ်ဆိုရင် အမူးပျောက်ဆေးကို ထပ်သောက်ပေးဖို့ လိုပါတယ်။ အစာရှိရှိ၊ မရှိရှိ သောက်သုံးနိုင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ ဒိုင်မန်ဟိုက်ဒရီနိတ်က အိပ်ငိုက်တတ်တဲ့အတွက် ယာဉ်မောင်းမယ့်သူကိုယ်တိုင်ကတော့ မသောက်သင့်ပါဘူး။ အရက်နဲ့ တွဲမသောက်ရပါဘူး။

🔸 အခုဆိုရင်တော့ B6 နဲ့ ဒိုင်မန်ဟိုက်ဒရီနိတ် ကွာခြားမှု ရှိတာကို အရင်ကထက်ပိုပြီး သိသွားပြီ ဖြစ်တာကြောင့် ဇီဝက ချစ်သူတို့ မှန်မှန်ကန်ကန် ဝယ်ယူသောက်သုံးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်ရှင့်…💜

Leave a Comment