🚫 ဝက်ခြံနဲ့ ပတ်သက်တဲ့ အယူအဆ အလွဲများ

⭕️ ဝက်ခြံဆိုတာ အများအားဖြင့် မျက်နှာ၊ ပုခုံးနဲ့ နောက်ကျောတို့မှာ ပေါက်တတ်တဲ့ အရေပြားရောင်ရမ်းတဲ့ အခြေအနေ တစ်ခုပါ။ အသက်အရွယ်မရွေး ပေါက်တတ်ပြီး အဆီဂလင်းတွေ စတင် ပွင့်လာတဲ့ ဆယ်ကျော်သက်အရွယ်မှာ ပိုပေါက်တတ်ပါတယ်။ အသက် (၁၁) နှစ်မှ အသက် (၃၀) ကြား လူ (၄) ဦးမှာ (၃) ဦးက ဝက်ခြံပေါက်လေ့ရှိပါတယ်။

❗️ ဝက်ခြံပိုထွက်စေတဲ့ အချက်တွေကတော့ မျိုးရိုးဗီဇ၊ ရာသီစက်ဝန်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှု၊ ပူအိုက်စိုစွတ်သော လေထု၊ အဆီအခြေခံထုတ်ထားတဲ့ အလှကုန်များနဲ့ ဝက်ခြံထွက်ရင် ညှစ်တတ်တဲ့ အလေ့အကျင့်တို့ ဖြစ်ပါတယ်။

🔻 ဝက်ခြံက လူတော်တော်များများမှာ ပေါက်တာကြောင့် ဝက်ခြံနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေဆိုတာလည်း တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ ကိုယ်ထင်ထားတဲ့ အရာတွေက မှန်လားမှားလားဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

❌ ဝက်ခြံဆိုတာ ဘက်တီးရီးယားကြောင့်၊ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်တာဖြစ်လို့ သွေးသန့်ဆေးတွေက ဝက်ခြံကင်းစေပြီး အသားအရေကို သန့်စင်ပေးတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။

❌ ဝမ်းချုပ်ရင် ဝက်ခြံထွက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းချုပ်တယ် ဝမ်းမသွားဘူးဆိုပြီး စိတ်ဖိစီးမှုကို ခံစားနေရတယ်ဆိုရင်တော့ stress hormone တွေက ဝက်ခြံထွက်စေပါတယ်။

❌ ခန္ဓာကိုယ်တွင်း အပူတွေ များနေရင်လည်း ဝက်ခြံထွက်တယ်ဆိုတာ မဟုတ်ပြန်ပါဘူး။
❌ ဝက်ခြံဆိုတာ မျက်နှာမှာပဲ ပေါက်တယ်ဆိုတာလည်း မဟုတ်ပါ။ အထက်မှာ ပြောခဲ့သလို မျက်နှာမှာသာမက အဆီဂလင်းတွေရှိတဲ့ နောက်ကျော၊ ရင်ဘတ်၊ လက်မောင်း၊ ပခုံး၊ တင်ပါးတို့မှာလည်း ပေါက်တတ်ပါတယ်။

❌ ဆယ်ကျော်သက်အရွယ်မှာပဲ ဝက်ခြံထွက်တယ်ဆိုတာလည်း မမှန်ပါဘူး။ အသက် (၂၅) နှစ်မှ (၄၅) နှစ်ကြား အမျိုးသမီး (၅၀) ရာခိုင်နှုန်းနဲ့ အမျိုးသား (၂၅) ရာခိုင်နှုန်းမှာလည်း ဝက်ခြံထွက်နိုင်ပါသေးတယ်။

❌ သွားတိုက်ဆေးတို့ရင် ဝက်ခြံကို အလွယ်တကူ သက်သာစေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ တကယ်တော့ သွားတိုက်ဆေးမှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေက ဝက်ခြံကို ခြောက်သွားစေပေမယ့် ထိုကနေတဆင့် အရေပြားကို နီရဲပြီး အရေခွံလန်စေပါတယ်။

✅ ဒီတော့ ဝက်ခြံထွက်ရင် ကိုယ်တိုင် ဂရုတစိုက် လိုက်နာရမယ့် အချက်တွေအနေနဲ့
အမာရွတ် မကျန်စေဖို့အတွက် ဝက်ခြံကို မညှစ်ရပါ။
✅ ဝက်ခြံထွက်လာတာနဲ့ clindamycin gel သို့မဟုတ် benzoyl peroxide cream ကို လိမ်းပါ။
✅ အာနိသင် အကောင်းဆုံး ရဖို့အတွက် ဆေးညွှန်းအတိုင်း သေချာ အသုံးပြုပါ။
✅ မျက်နှာသစ်ဆပ်ပြာ အပျော့စားကိုပဲ သုံးပါ။
✅ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားသုံးပါ။

💁 ဒီလောက်ဆိုရင်တော့ ဝက်ခြံနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတွေကို သိသွားလောက်ပြီဖြစ်လို့ ဆင်ခြင်သင့်တာတွေ ဆင်ခြင်၊ ဆောင်သင့်တာတွေဆောင်ပြီး ဝက်ခြံကင်းတဲ့ သဘာဝအလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်…💜

Leave a Comment