အသက်(၃၀)ကျော် အမျိုးသမီးများအတွက် အကောင်းမွန်ဆုံး ကျန်းမာရေး လက်ဆောင်မွန်

👩 အသက် (၃၀) ကျော် မမတို့အနေနဲ့ မိမိကျန်းမာရေးကို စတင်အလေးထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။ ဒီဆောင်းပါးထဲမှာဆိုရင် ဘယ်လိုကျန်းမာရေး အလေ့အကျင့်တွေကို ပြုလုပ်သင့်တယ်ဆိုတာရယ်၊ ဘယ်လိုအားဆေးတွေ မှီဝဲသင့်တယ်ဆိုတာရယ်ကို ဇီဝကမှ ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

အမျိုးသမီးများ အဆီရှောင်ပြီး diet လုပ်ခြင်းမှာလည်း မကောင်းတဲ့အချက်တွေ ရှိပါတယ်။ ကလေးမရနိုင်တာမျိုး၊ ဓမ္မတာမမှန်တာမျိုး၊ ဝက်ခြံထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဆီထဲမှာမှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို ရမယ့် ငါး၊ ထောပတ်သီး၊ သံလွင်ဆီ၊ အစေ့အဆံတို့ကို ပုံမှန်စားပေးရပါမယ်။

ပဲပိစပ်သည် အရည်အသွေးမြင့်မားသော ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်ခြင်းကြောင့် အရိုးတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဟော်မုန်းညီမျှအောင် ထိန်းညှိပေးပြီး သွေးဆုံးကိုင် ဝေဒနာတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ပဲပိစပ်ကိုလည်း စားပေးသင့်ပါတယ်။

အသက် (၃၀) ကျော် အမျိုးသမီးတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို မရှောင်သင့်ပါဘူး။ ချိစ်နဲ့ ဒိန်ချဉ်ဟာ ဟော်မုန်းဓာတ်တွေ ညီမျှဖို့ ထောက်ပံ့ပေးပြီး မိန်းမကိုယ်မှာ ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ နို့ထွက်ပစ္စည်းတွေကရတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ပရိုတင်းဓာတ်တွေက ကြံ့ခိုင်တဲ့ အရိုးတွေကို တည်ဆောက်ပေးရုံသာမက နှလုံးကျန်းမာအောင်ပါ ထိန်းသိမ်းပေးပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေက ကလေးမိခင် နို့တိုက်ချိန်နဲ့ သွေးဆုံးချိန်တွေမှာလည်း အကူအညီဖြစ်ပါတယ်။ ကယ်လ်စီယမ်က အာရုံကြောနဲ့ ကြွက်သားများ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက်လည်း မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ပါအောင်လည်း စားပေးရပါမယ်။

နေ့စဉ် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း တစ်မျိုးမျိုးကို မိနစ် (၂၀) မှ (၃၀) အထိ လုပ်ပေးခြင်းက နှလုံးကို ကျန်းမာစေပါတယ်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်၊ ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်လုပ်ရပါမယ်။

အမျိုးသမီးတွေဟာဆိုရင် သန္ဓေတားဆေးတွေ သောက်ရခြင်း၊ တခြားသော ဆေးဝါးတွေ သောက်ရခြင်းနှင့် ဘဝအမောတွေကြောင့် ခန္ဓာကိုယ်ထဲက ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးသွားတတ်ပါတယ်။ ထိုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အစားအစာအစုံအလင်ကို စားပေးရမှာ ဖြစ်ပါတယ်။ သို့သော် တခါတရံမှာ လတ်ဆတ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားဖြစ်ဖို့ အခက်အခဲရှိနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ထိုအခါမှာ ဖြည့်စွက်စာအားဆေးတွေ သောက်သုံးဖို့ လိုအပ်လာပါတယ်။ အားဆေးသောက်မယ့်အခါမှာ ရွေးချယ်စရာတွေများလို့ ဘာသောက်ရမလဲ မသိဖြစ်နေတယ်ဆိုရင် အောက်ဖော်ပြပါ ဓာတ်တွေပါတဲ့ ဆေးတွေကို သောက်သုံးသင့်ပါတယ်။

✅ ဗီတာမင် ဘီအုပ်စု
စွမ်းအင်ပေးစွမ်းပါတယ်၊ စိတ်ကို ကျန်းမာစေပြီး စိတ်ဓာတ်မကျအောင် ကာကွယ်ပေးပါတယ်။
✅ သံဓာတ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ (၄၀) ရာခိုင်နှုန်းက သွေးအားနည်းတာကို တွေ့ရပါတယ်။ သာမန်အမျိုးသမီးတွေရဲ့ (၃၀) ရာခိုင်နှုန်းမှာလည်း သွေးအားနည်းတာကို တွေ့ရပါတယ်။ စားနေတဲ့ အစားအသောက်တွေကနေ သံဓာတ်လုံလောက်စွာ မရနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သွေးအားနည်းရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ သံဓာတ်ဖြည့်စွက်စာတွေ သောက်မယ်ဆိုရင် ကယ်လ်စီယမ်အားဆေး၊ သိုင်းရွိုက်ဟော်မုန်းဆေးတွေနဲ့ အနည်းဆုံး (၂) နာရီခြားပြီး သောက်သင့်ပါတယ်။
✅ဗီတာမင်ဒီ
ဗီတာမင်ဒီဟာ ကယ်စီယမ်စုပ်ယူမှုကောင်းဖို့အတွက် အရေးကြီးသလို တချို့သော ကင်ဆာတွေ မဖြစ်အောင်၊ ကိုယ်ခံအား ကမောက်ကမ မဖြစ်အောင်၊ စိတ်အခြေအနေကောင်းအောင် လုပ်ဆောင်ပေးပါတယ်။
✅ Omega 3
Omega 3 ကို ခန္ဓာကိုယ်ကနေ ကိုယ်တိုင် မထုတ်လုပ်နိုင်လို့ အစားအစာကနေ (သို့) ဆေးအနေနဲ့ ဖြည့်တင်းပေးဖို့ လိုပါတယ်။ Omega 3 က စိတ်ကျရောဂါကို တိုက်ထုတ်ပေးပါတယ်၊ စိတ်ပူပန်မှုတွေကို လျော့နည်းစေပါတယ်၊ မျက်လုံးနဲ့ နှလုံးကို ကျန်းမာစေပါတယ်။
✅မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ချို့တဲ့ရင် ကြွက်တက်ခြင်း၊ အကြောင်းရင်းမရှိ ပင်ပန်းနေခြင်း၊ သွေးတိုးခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ပျို့ခြင်းတို့ ဖြစ်တတ်ပါတယ်။
✅ Probiotics
Probiotics သည် အူလမ်းကြောင်းကို ကျန်းမာစေလို့ ဝမ်းမလျှောအောင် ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင်၊ နှင်းခူမဖြစ်အောင် ကာကွယ်ပေးပါတယ်။
✅ ဗီတာမင် K2
ဗီတာမင် K2 က အရေးအကြောင်းတွေ မဖြစ်အောင်၊ သွေးကြောမထုံးအောင်၊ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင်၊ ကျောက်ကပ်မှာကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အထက်ပါ ဓာတ်တွေပါတဲ့ အားဆေးတွေကို မှီဝဲပေးခြင်းဖြင့် အသက် (၃၀) အရွယ်မှာ မိမိကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။

အမျိုးသမီးများအားလုံး ကျန်းမာလှပနုပျိုတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 💜

Leave a Comment