ဖေးမကူပါ စိတ်ကျရောဂါ

❗️ စိတ်ကျရောဂါ ခံစားနေရတဲ့ မိသားစုဝင် (သို့) သူငယ်ချင်း မိတ်ဆွေအား ဘယ်လို ဂရုစိုက်မှုတွေ ပေးရမလဲ?
〽️ ဖြတ်သန်းရတဲ့ ဘဝရဲ့ အချိန်အခါ တစ်ခုမှာ စိတ်ဓာတ်ကျတယ်ဆိုတာ လူ (၅) ယောက်မှာ (၁) ယောက် ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဓာတ်ကျတာမျိုးက ပုံမှန်လို့ ပြောလို့ရပေမယ့် အကယ်၍ (၂)ပတ်ထက် ပိုကြာလာမယ်၊ နေ့စဉ် ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာမယ်ဆိုရင်တော့ ဒါကို စိတ်ကျရောဂါ လက္ခဏာ စတင်ခြင်းလို့ ဆိုနိုင်ပါတယ်။

⭕️ မိမိရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစုဝင် (သို့) မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်ထဲမှာ စိတ်ကျရောဂါရှိနေတာကို သိရှိနိုင်မယ့် လက္ခဏာတွေကတော့
o ပုံမှန် သဘောကျတဲ့အရာတွေကိုလုပ်ဆောင်ဖို့ စိတ်မဝင်စားမှု မရှိတော့ခြင်း
o မျှော်လင့်ချက် မဲ့နေခြင်း
o စကားပြောခြင်းနှင့် လှုပ်ရှားခြင်းများ နှေးကွေးလာခြင်း (သို့) ပုံမှန်ထက်ပို၍ ဂနာမငြိမ်ဖြစ်နေခြင်း
o ပင်ပန်းနွမ်းနယ်ခြင်း (သို့) အားအင်ကုန်ခမ်းနေခြင်း
o အလွန်အကျွံ စားသုံးခြင်း (သို့) အစာစားချင်စိတ် ပျောက်ဆုံးနေခြင်း
o ပုံမှန်ထက် ပိုအိပ်ခြင်း (သို့) အိပ်မပျော်ခြင်း
o တီဗီကြည့်သည့်အခါ၊ စာဖတ်သည့်အခါတွင် အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

☑️ စိတ်ကျရောဂါသည် တစ်ယောက်ကို ကူညီနိုင်မယ့် နည်းလမ်းများကတော့
သူ့ကို ဂရုစိုက်ကြောင်း သိအောင် ပြောပါ။ သူပြောတာကို နားထောင်ပေးပါ။
ပြင်းပြင်းထန်ထန် ဝေဖန်အကဲဖြတ်ခြင်းမျိုး မလုပ်ဘဲ အရှိအတိုင်း လက်ခံပေးပါ။ ရွှင်ရွှင်လန်းလန်းနေဖို့၊ အာဟာရ ညီညွတ်မျှတစွာ စားသုံးဖို့၊ မိမိကို ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ဖို့ ညင်ညင်သာသာလေး အားပေးပါ။

🔻 စိတ်ဓာတ်ကျနေသူတွေဟာ သူတို့ရဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်နိုင်မယ့်သူ မရှိဘူးလို့ ထင်နေတတ်သလို ဘယ်လို ခံစားနေရတယ်ဆိုတာကို ဖွင့်ဟပြောပြဖို့အတွက်လည်း ခဲယဉ်းနေတတ်ပါတယ်။ အမြဲ အထီးကျန်နေလေ့ရှိတဲ့အတွက် သူတို့ကို စာပို့တာ၊ ဖုန်းဆက်တာ၊ အပြင်မှာတွေ့ဖို့ ချိန်းတာမျိုးတွေ လုပ်ပေးပါ။

💊 ပြင်းထန်စွာ စိတ်ကျရောဂါ ခံစားနေရတဲ့ သူတွေဟာဆိုရင် ရောဂါကို ကုသဖို့ ဆေးဝါးအထောက်အပံ့တွေပါ လိုအပ်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသမှု ခံယူဖို့ အားပေး တိုက်တွန်းပါ။ စိတ်ကျရောဂါဆိုတာ ကုသနိုင်တဲ့ ရောဂါဖြစ်ကြောင်းကိုလည်း သဘောပေါက်အောင် ရှင်းပြပါ။
🍻 အရက်၊ ဘီယာ၊ ကော်ဖီ၊ အားဖြည့်အချိုရည်၊ ဆိုဒါ၊ ဆီကြော်တွေက စိတ်ကျရောဂါ လက္ခဏာတွေကို ပိုဆိုးစေတဲ့အတွက် မစားမိအောင် ဂရုစိုက်ပေးပါ။ ကိုယ်ဈေးဝယ်ထွက်တဲ့အခါမှာလည်း ဘာဝယ်ခဲ့ရမလဲ မေးပါ။ မကြာခဏ ဟင်းချက်ကျွေးပါ။ ဒီလို အသေးအဖွဲလုပ်ရပ်လေးတွေက စိတ်ဓာတ်ကျနေသူအတွက် သက်သောင့်သက်သာ ဖြစ်စေပါတယ်။
💌 ပွဲ၊ အခမ်းအနားတွေ ရှိခဲ့ရင်လည်း သူတို့ကို လာခဲ့ဖို့ အတင်းမတိုက်တွန်းရင်တောင် ဖိတ်ဖို့တော့ မမေ့ပါနဲ့၊ သူတို့ကို သတိတရ ရှိကြောင်း ဖော်ပြပါ။ ဒါမှသာ ရောဂါအခြေအနေ တိုးတက် ကောင်းမွန်လာတဲ့အခါမှာလည်း အဆက်အသွယ်မပြတ် ရှိနေမှာ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ထိခိုက်နာကျင်အောင် လုပ်လိုက်နိုင်တဲ့ အခြေအနေ ဖြစ်နိုင်တယ်ဆိုရင်လည်း အနီးအနားမှာ အမြဲဂရုတစိုက် ရှိနေပေးပါ။
❣️ စိတ်ကျရောဂါဆိုတာ ခံစားနေရသူအတွက်ရော၊ ဘေးက မိသားစု သူငယ်ချင်းတွေ အတွက်ပါ ခက်ခဲပါတယ်။ စိတ်ကျရောဂါ ရှိနေသူနဲ့ ပေါင်းသင်းရတာ မလွယ်ကူပါဘူး၊ ဒါပေမယ့် စိတ်ရှည်သည်းခံပေးပါ။ စိတ်ဓာတ်ကျရာကနေ ရုန်းထွက်ဖို့က ခဲယဉ်းပါတယ်။ အကူအညီ လိုအပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကို ပစ်မထားလိုက်ပါနဲ့။ အရေးအကြီးဆုံးအချက်ကတော့ သူတို့အတွက် အမြဲအဆင်သင့် ရှိနေပေးဖို့ပါပဲ။

Leave a Comment