နှလုံးကျန်းမာရေး အလေးထားပေး
❗️ နှလုံးရောဂါဆိုတာ အသက် (၄၅) နှစ်အထက် အမျိုးသား၊ အမျိုးသမီးတွေ အဓိက အသက်ဆုံးရှုံးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် ဆေးဝါးဆိုင်ရာ စောင့်ရှောက်မှုများ တိုးတက်လာခြင်းနှင့် သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းကဲ့သို့ ဖြစ်နိုင်ချေများသော အချက်များကို လျှော့ချလာနိုင်ခြင်းတို့ကြောင့် နှလုံးရောဂါဖြစ်ပွားခြင်း၊ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးခြင်းတွေဟာ လျှော့ပါးလာပြီ ဖြစ်ပါတယ်။
နှလုံးရောဂါကို အမျိုးအစားခွဲလျှင် –
• နှလုံးသွေးကြောဆိုင်ရာ ရောဂါ
• နှလုံးစည်းချက်မမှန်သည့် ရောဂါ
• မွေးရာပါ နှလုံးရောဂါ
• နှလုံးပိုးဝင်သည့် ရောဂါ
• နှလုံးကြွက်သားဆိုင်ရာ ရောဂါနှင့်
• နှလုံးအဆို့ရှင် ရောဂါဆိုပြီး အဓိကအားဖြင့် ခွဲခြားနိုင်ပါတယ်။
🔴 နှလုံးရောဂါ၏ အဓိက လက္ခဏာများကတော့ ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း၊ မောခြင်း၊ ခြေထောက်၊ ခြေချင်းဝတ်၊ ဝမ်းဗိုက်ဖောရောင်ခြင်းတို့ ဖြစ်ပါတယ်။ အသက်ကြီးလာတာနှင့်အမျှ နှလုံးသွေးကြောများ ပျက်စီးခြင်း၊ ကျဉ်းခြင်း၊ နှလုံးကြွက်သားများ အားလျော့လာခြင်း၊ ထူထဲခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
🔺 ယေဘုယျအားဖြင့် အမျိုးသားတွေက နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုမြင့်မားပြီး အမျိုးသမီးများမှာတော့ သွေးဆုံးပြီးနောက်မှာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။အဖေ (သို့) အစ်ကိုက အသက် (၅၅) နှစ် မတိုင်ခင် နှလုံးရောဂါဖြစ်ဖူးလျှင်၊ အမေ (သို့) အစ်မက အသက် (၆၅) နှစ် မတိုင်ခင် ဖြစ်ဖူးလျှင်လည်း နှလုံးသွေးကြောဆိုင်ရာ ရောဂါ မျိုးရိုးလိုက်နိုင်ပါတယ်။
🚭 ဆေးလိပ်သောက်တဲ့အခါ နှလုံးသွေးကြောတွေကို ပျက်စီးစေပြီး မသောက်တဲ့သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ 💢 စိတ်ဖိစီးတွေကို ဖြေလျှော့နိုင်ခြင်း မရှိရင်လည်း နှလုံးသွေးကြောတွေကို ပျက်စီးစေပါတယ်။ 🦷 သွားနှင့် သွားဖုံးတွေ မကျန်းမာတဲ့အခါမှာလည်း ပိုးမွှားတွေက သွေးကြောတွေကနေတဆင့် နှလုံးဆီကို ရောက်နိုင်ပါတယ်။
⭕️ ဆီ၊ ဆား၊ သကြား အစားများရင်လည်း နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်မားပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာကလည်း နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်မားစေပါတယ်။
✅ နှလုံးအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာ (၄)မျိုးကတော့ –
• Vitamin D – သွေးထဲမှာ ဗီတာမင် D လျော့ကျနေရင် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေ များပါတယ်။ ဗီတာမင် D များလွန်းရင်လည်း ဆိုးကျိုးဖြစ်ပွားနိုင်တဲ့အတွက် သွေးတွင်း ဗီတာမင်ဒီ ပမာဏကို စစ်ဆေးကြည့်ပြီးမှ လိုအပ်ပါက ဖြည့်စွက်စာ သောက်သုံးသင့်ပါတယ်ရှင်။
• Folic acid – ဖောလစ်အက်စစ်ကတော့ သွေးကြောတွေကို မာကျောစေတဲ့ homocysteine level ကို လျော့ကျစေပါတယ်။ ဖောလစ်အက်စစ်ကို ဟင်းနုနွယ်၊ ကညွတ်စတာတွေကနေလည်း ရရှိနိုင်ပါတယ်။
• Omega 3 – အိုမီဂါ 3 ကတော့ သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ လေ့လာမှုများအရ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို (၂၈) ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး သေဆုံးနိုင်ချေကို (၅၀) ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် အစားအစာ (သို့) ဖြည့်စွက်စာဖြင့် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
• Magnesium – မဂ္ဂနီဆီယမ်ဓာတ် လျော့နည်းနေခြင်းက သွေးပေါင်ချိန်၊ ကိုလက်စထရောတို့ကို မြင့်တက်စေပြီး သွေးကြောများကို မာကျောစေပါတယ်။ မဂ္ဂနီဆီယမ်ကို ဟင်းနုနွယ်၊ အစေ့အဆံ၊ ထောပတ်သီးတို့ကနေလည်း ရရှိနိုင်ပါတယ်။
🛡 နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ –
• ဆေးလိပ်ဖြတ်ပါ။
• ပြည့်ဝဆီတွေနဲ့ ဆားကို လျှော့စားပါ။
• တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) လောက် လေ့ကျင့်ခန်း လုပ်ပါ။
• ကိုယ်အလေးချိန်ကို ထိန်းပါ။
• စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
• သွေးတိုး၊ ဆီးချိုကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
• အိပ်ရေးဝအောင် အိပ်ပါ။ တစ်နေ့ကို အနည်းဆုံး (၇) နာရီပြည့်အောင် အိပ်ပါ။
🤗 အထက်ပါ နည်းလမ်းများအတိုင်း ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်…💜