ကျန်းမာစွာ ကိုယ်အလေးချိန် တက်စေဖို့ရာ
🧮 ဝိတ်တက်ဖို့ဆိုတာ လွယ်ကူတယ်လို့ ထင်ရပေမယ့် လူအချို့ အတွက်တော့ ခဲယဉ်းနေတုန်းပါပဲ။ ယေဘုယျအားဖြင့် ကိုယ်အလေးချိန် အညွှန်းကိန်း (BMI) ကို တိုင်းကြည့်လို့ 18.5 အောက် ဆိုရင်တော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေပြီလို့ ယူဆနိုင်ပါတယ်။ ကိုယ်အလေးချိန် (kg) ကို တည်ပြီး အရပ်အမြင့် (m2) နဲ့ စားကာ BMI ကို တွက်ကြည့်နိုင်ပါတယ်။
🛑 မိမိတွင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် လျော့ကျရနေတဲ့ အကြောင်းရင်းများမှာ မျိုးရိုးဗီဇ၊ metabolism (ဇီဝကမ္မ ဖြစ်စဉ်) မြန်ခြင်း၊ သိုင်းရွိုက်ပြဿနာရှိခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျခြင်းနဲ့အတူ ဆံပင်ကျွတ်ခြင်း၊ အသားခြောက်ခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ သွားကျန်းမာရေး မကောင်းခြင်းတို့လည်း နောက်ဆက်တွဲဖြစ်တတ်သလို ကိုယ်ခံအားမကောင်းဘဲ ရောဂါပိုးတွေ ဝင်ရောက်ခြင်း၊ အရိုးပွခြင်းတို့ အထိ ဆိုးဆိုးဝါးဝါး ပြဿနာများ ဖြစ်နိုင်ပါတယ်။ဒီတော့ ပုံမှန်ရှိထားသင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိကာ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့အတွက် ဇီဝကနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်။
✅ ဝိတ်တက်စေဖို့ရာ ပထမဦးဆုံး ဖြည့်တင်းပေးရမှာကတော့ ပရိုတင်းဓာတ်ပဲ ဖြစ်ပါတယ်။ အကယ်၍ ပရိုတင်း အမှုန့်တွေ မသောက်ချင်ဘူးဆိုရင်တော့ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသားအမျိုးမျိုး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲပိစပ်၊ ငါးနဲ့ အစေ့အဆံတွေကို စားသုံးပေးပါ။
✅ ပုံမှန်အတိုင်း မနက်စာ၊ နေ့လည်စာနဲ့ ညစာဆိုပြီး (၃) ကြိမ်ပဲ စားမယ့်အစား ၁နေ့ကို (၅) ကြိမ်မှ (၆) ကြိမ်လောက်ထိ နည်းနည်းစီ ခွဲစားပေးတာက ပိုပြီး သင့်တော်ပါတယ်။
✅ အစားအစာ ရွေးချယ်တဲ့ အခါမှာလည်း အာဟာရတန်ဖိုး မြင့်မားတဲ့ nutritious foods တွေကို ရွေးချယ်စားသုံးပေးပါ။
✅ ဥပမာ မြေပဲထောပတ်ယို သုတ်ထားတဲ့ ပေါင်မုန့်ကြမ်း ၂ ချပ်ကို နံနက်စာမှာ ပါအောင် ထည့်စားပါ။ ကြက်ဥကြော်စားတဲ့အခါမှာလည်း ကြက်ဥများများ၊ ချိစ်များများနဲ့ ကြော်စားပါ။ ဟင်းနုနွယ်၊ ငရုတ်ပွ၊ ကြက်သွန်၊ မှို၊ ခရမ်းချဉ်သီးတို့ကိုလည်း ထည့်ကြော်နိုင်ပါတယ်။ ဆီကို သံလွင်ဆီ သုံးပေးရင်တော့ ပိုကောင်းမွန်ပါတယ်။
✅ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဟာဆိုရင် ဝိတ်တက်ဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တာကြောင့် ထိုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ နွားနို့ကိုလည်း ပုံမှန် သောက်ပေးသင့်ပါတယ်။ ဆိုဒါဖျော်ရည်တွေ ကော်ဖီတွေအစား နို့နဲ့ အသီးတွေ ရောဖျော်ထားတဲ့ smoothies လိုမျိုးကို များများ သောက်ပါ။
🥑 ထောပတ်သီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အဆီ၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝိတ်တက်လိုသူများအတွက် ကောင်းသော ရွေးချယ်မှု ဖြစ်ပါတယ်။
🥔 အစေ့အဆံ၊ cereals နဲ့ အသီးခြောက်လေးတွေကို အစာပြေစာအနေနဲ့ စားပေးသင့်ပါတယ်။ ကဆီဓာတ်ဟာ ကြွက်သားများ တည်ဆောက်ဖို့အတွက် လိုအပ်တာကြောင့် ကဆီဓာတ်မြင့်မားတဲ့ အာလူးကိုလည်း များများ စားပေးပါ။
💠 အစာစားချင်စိတ် ပျောက်ဆုံးနေပါက ဗီတာမင် B1 , iron နဲ့ Zinc ပါဝင်တဲ့ အားဆေးတွေကို မှီဝဲနိုင်ပါတယ်။ ဗီတာမင် B1 ချို့တဲ့ တဲ့အခါ လူက အစာစားချင်စိတ်မရှိတော့ဘဲ နုံးနေတတ်တာကြောင့် ဝိတ်တက်ဖို့အတွက် ခဲယဉ်းပါတယ်။ သံဓာတ် ချို့တဲ့ရင်လည်း အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ Zinc ကတော့ အစာစားချင်စိတ်ကို တိုးစေပါတယ်။
💜 အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပြီး ကျန်းမာလှပတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ကြစေဖို့ ဇီဝကမှ ဆန္ဒပြုလိုက်ပါတယ်။