☀️ ပူပြင်းတဲ့ နေရောင်ကြောင့် နေလောင်သွားတဲ့အခါ

❗️❗️ ခန္ဓာကိုယ်အနှံ့ နေရောင်ကာ လိုးရှင်းတွေ လိမ်းထားရင်တောင်မှ လွတ်သွားတဲ့ တစ်နေရာရှိရင် အဲ့နေရာက နေလောင်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ပျက်စီးစေပြီး ရောင်ရမ်းမှုတွေကို ဖြစ်စေတာကြောင့် နေလောင်တဲ့အခါ အသားအရေက နီရဲပြီး ပူလောင်မှုကို ခံစားရတာ ဖြစ်ပါတယ်။

⭕️ နေလောင်ခြင်းရဲ့ ပထမအဆင့်မှာ အသားရောင်က ပန်းရောင်ဖျော့ဖျော့ကနေ အနီတောက်တောက်ထိ ပြောင်းနိုင်ပြီး ထိလိုက်ရင် နာပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါ သက်သာပျောက်ကင်းပါတယ်။ ဒုတိယအဆင့်ထိ ပိုဆိုးသွားရင်တော့ အသားအရေက အလွန်နီရဲရောင်ရမ်းကာ အရေကြည်ဖုတွေပါ ထွက်လာပါတယ်။ ဒီအခြေအနေမှာ ပျောက်ကင်းဖို့အတွက်က (၂) ပါတ်လောက် ကြာတတ်ပါတယ်။ ပထမအဆင့်ဖြစ်စေ၊ ဒုတိယအဆင့်ဖြစ်စေ နေလောင်ပြီလို့ သတိပြုမိတာနဲ့ ချက်ချင်းကုသရပါမယ်။

✔️ပထမဦးဆုံး နေပူထဲမထွက်ဘဲ အိမ်ထဲမှာနေပါ။
✔️ နာကျင်တာကို သက်သာစေဖို့ ရေချိုးတဲ့အခါ ရေအေးလေးနဲ့ မြန်မြန်ချိုးပေးပါ။ Scrub တိုက်တာကို ရှောင်ပါ။
✔️ သန့်ရှင်းတဲ့ ရေစိုဝတ်နဲ့လည်း မကြာခဏ ရေပတ်တိုက်ပေးပါ။
✔️ ရေချိုးပြီးပြီဆိုရင် အစိုဓာတ် အနည်းငယ် ကျန်နေအောင် ခပ်ဖွဖွပဲ ရေသုတ်ပြီး ရှားဇောင်းလက်ပတ် (သို့) calamine lotion လိမ်းပါ။ Alcohol နဲ့ petroleum ပါတာကို ရှောင်ပါ။
✔️ နာနေရင် Para (သို့) Ibuprofen သောက်ပါ။ ဒါမှမဟုတ် အကိုက်အခဲပျောက် လိမ်းဆေးဂျယ်လ် လိမ်းပါ။
✔️ နေလောင်တာက ခန္ဓာကိုယ်ကနေ ရေဓာတ်ဆုံးရှုံးစေတဲ့အတွက် ရေပိုသောက်ပါ။
✔️ အသားအရေက အလွန်နီရဲရောင်ရမ်းနေပြီဆိုရင် 1% Hydrocortisone cream ကို တစ်ရက် သုံးကြိမ် သုံးရက် လိမ်းပါ။
✔️ အရေကြည်ဖုတွေ ထွက်တဲ့အထိ နေလောင်သွားပြီဆိုရင် အဖုတွေကို ဖောက်မပစ်ရပါ။ သူ့အလိုလို ပေါက်သွားရင် သေချာသန့်စင်ပေးပြီး အနာကျက် ပိုးသတ်ဆေးလိမ်းပါ။
✔️ နေလောင်ပြီးရင် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဖယ်ရှားဖို့အတွက် အရေခွံလန်တတ်ပါတယ်။ လန်နေတာတွေကို ခွာမပစ်ဘဲ သဘာဝအတိုင်း ထားပြီး အစိုဓာတ်ထိန်းခရင်မ် ဆက်လိမ်းပါ။ ယားတယ်ဆိုရင် အယားပျောက်ဆေးသောက်ပါ။
✔️ အဝတ်အစားကို ကြပ်တာတွေ မဝတ်သေးဘဲ ပွပွချောင်ချောင် အင်္ကျီမျိုးကို ရွေးဝတ်ပါ။
✔️ ငယ်တဲ့အချိန်မှာ အသားအရေက ပိုပြီး နေလောင်နိုင်တဲ့အတွက် (၆) လအောက် ကလေးတွေကို အပူရှိန်ပြင်းတဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့မိအောင် ဂရုစိုက်ပါ။
✔️ (၆) လကျော်တဲ့ ကလေးတွေကို အပြင်ခေါ်မယ်ဆိုရင်လည်း နေရောင်ခြည်ကနေ အပြည့်အဝကာကွယ်မှုပေးနိုင်တဲ့ ဦးထုပ်၊ မျက်မှန်၊ အင်္ကျီတွေ ဝတ်ပေးပါ။

⚠️ အရေပြားသည် နေလောင်ဒဏ်မှ ပြန်လည် သက်သာပျောက်ကင်းသော်လည်း နေရောင်ခြည် အလွန်အကျွံ ထိတွေ့ခြင်းက အရေပြားကို အိုမင်းရင့်ရော်စေပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသက် 5 နှစ်မှ 20 နှစ်ကြားမှာ အရေကြည်ဖု ထွက်တဲ့အထိ နေလောင်တာမျိုး ငါးခါ (သို့) ထိုထက်ပို၍ နေလောင်ဖူးရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို 80% တိုးစေပါတယ်။

♨️ ဒါကြောင့် ထပ်မံ နေလောင်ခြင်းများမှ ကာကွယ်ဖို့ နွေရာသီမှာ အနည်းဆုံး SPF 30 ရှိတဲ့ နေရောင်ကာခရင်မ်ကို နှစ်နာရီခြားတစ်ကြိမ် လိမ်းပေးဖို့နဲ့ နေရောင်ကာပေးတဲ့ အကာအကွယ်၊ အဝတ်အစားများ ဝတ်ဆင်ကြဖို့ ဇီဝကချစ်သူတို့ကို နှိုးဆော်လိုက်ပါတယ်နော်…💜

Leave a Comment