🔴 လိပ်ခေါင်းရောဂါဆိုတာ ဘာလဲ?

⭕️ စအိုအတွင်းထဲ (သို့) အနီးတဝိုက်မှာရှိတဲ့ သွေးကြောတွေ ရောင်ပြီးကြီးလာတဲ့အခါ လိပ်ခေါင်းဆိုတာ ဖြစ်လာပါတယ်။ လိပ်ခေါင်းက များသောအားဖြင့် သေးငယ်ပြီး အဝိုင်းပုံသဏ္ဍန်ရှိပါတယ်။

🔎 အတွင်းလိပ်က စအိုလမ်းကြောင်းအတွင်းမှာ စဖြစ်သော်ငြား စအိုအပြင်ဘက်ကိုလည်း ထွက်လာနိုင်ပါတယ်။ အတွင်းလိပ်မှာ အဆင့် (၄) ဆင့် ရှိပါတယ်။

🔺 ပထမအဆင့်မှာ သွေးထွက်တတ်သော်လည်း လိပ်ခေါင်းက စအိုပြင်ပကို ထွက်မလာသေးပါ။
🔺 ဒုတိယအဆင့်မှာတော့ ဝမ်းသွားတဲ့အခါ လိပ်ခေါင်းက အပြင်ကို ထွက်လာပေမယ့် ပြီးသွားရင်တော့ သူ့အလိုလို အတွင်းထဲကို ပြန်ဝင်သွားပါတယ်။
🔺 တတိယအဆင့်ကတော့ လိပ်ခေါင်းက စအိုရဲ့ အပြင်ကို ထွက်နေပြီး ပြန်တွန်းထည့်မှသာ အတွင်းဘက်ကို ပြန်ဝင်သွားပါတယ်။
🔺 စတုတ္ထအဆင့်မှာတော့ လိပ်ခေါင်းက စအိုရဲ့အပြင်ဘက်မှာ အမြဲ တွဲကျနေပြီး အတွင်းထဲကို ပြန်ထည့်လို့လည်း မရတော့ဘဲ အလွန်ရောင်ရမ်းပြီး နာကျင်နိုင်ပါတယ်။

✔️ အပြင်လိပ်ကတော့ စအိုအ၀ ပတ်လည်က အရေပြားမှာ တွေ့ရကာ ရောင်နေတတ်ပါတယ်။ အလွန်နာကျင်နိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ အတွင်းလိပ်ရော၊ အပြင်လိပ်ရော ဖြစ်နိုင်ပါတယ်။

⚠️ လိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းရင်းမှာ စအိုလမ်းကြောင်းရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ သွေးပြန်ကြောတွေကို ရောင်ရမ်းစေတဲ့ အကြောင်းရင်းတွေက

💢 ဝမ်းချုပ်ခြင်း (သို့) ကြာရှည်စွာ ဝမ်းလျှောခြင်း၊
💢 အသက်ကြီးလာတာနဲ့အမျှ စအိုလမ်းကြောင်း အားနည်းလာခြင်း၊
💢 ဆက်တိုက် ချောင်းဆိုးခြင်း၊
💢 မကြာခဏ အလေးအပင် မ ခြင်း တို့ဖြစ်ပါတယ်။

🤰 ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဝမ်းဗိုက် ဖိအား များလာတဲ့အတွက် လိပ်ခေါင်းထွက်တတ်ပါတယ်။ ကလေးမွေးပြီးသွားရင်တော့ ပျောက်သွားတတ်ပါတယ်။

လိပ်ခေါင်းရဲ့ လက္ခဏာတွေကတော့
❗️ ဝမ်းသွားရင် သွေးပါခြင်း
❗️ စအိုတစ်ဝိုက်မှာ အလုံးစမ်းမိခြင်း
❗️ စအိုမှ အကျိအချွဲထွက်ခြင်း
❗️ ဝမ်းသွားပြီးတဲ့ နောက်မှာတောင် ဗိုက်ထဲမှာ မအီမလည်ဖြစ်နေသေးခြင်း
❗️ ဝမ်းသွားပြီးနောက် နာကျင်ပြီး မသက်မသာဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

✅ လိပ်ခေါင်းဖြစ်နေပြီဆိုရင် မိမိကိုယ်တိုင် အစားအသောက်နဲ့ နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးရင် ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
✅ အမျှင်ဓာတ်များသော အစားအစာတွေကို စားပေးတာက ဝမ်းကိုပျော့စေပြီး သွားရလွယ်စေပါတယ်။
✅ ရေဓာတ်ကိုထိန်းထားဖို့ အရည်ကို လုံလောက်အောင်သောက်ရပါမယ်။ ဒါပေမယ့် လက်ဖက်ရည်နဲ့ ကော်ဖီလိုမျိုး ကဖင်းဓာတ်တွေတော့ အများကြီး မသောက်ပါနဲ့။
✅ နေ့ရက်တိုင်းကို တက်ကြွစွာ ဖြတ်သန်းပြီး လေ့ကျင်ခန်းပုံမှန်လုပ်တာက လိပ်ခေါင်းကို ပိုဆိုးမလာအောင် ထိန်းပေးပါတယ်။
✅ ဝမ်းသွားတဲ့အခါ မညှစ်သင့်ဘဲ ပြီးသွားရင်လည်း စအိုတစ်ဝိုက်ကို ညင်သာစွာ ရေနဲ့ သန့်ရှင်းပြီး ခြောက်အောင် ပြန်သုတ်ရပါမယ်။

🔰 လိပ်ခေါင်းအတွက် ဆေးဝါးများ မှီဝဲချင်တယ်ဆိုရင်တော့ ဝမ်းသွားရခက်နေရင် ispaghula husk လို အမျှင်ဓာတ်ဖြည့်စွက်စာ၊ ဒါမှမဟုတ် lactulose ဝမ်းပျော့ဆေး သောက်ပါ။ နာနေရင် ပါရာစီတမော သောက်ပါ။ လိပ်ခေါင်းကြောင့် နာကျင်တာ၊ ယားယံတာတွေ သက်သာအောင် လိမ်းဆေးလိမ်းပါ။ အကယ်၍ ၁ပါတ်ကျော်တဲ့အထိ မသက်သာရင်တော့ ဆေးခန်းပြပေးပါ…💜

Leave a Comment