နွေပူပူမှာ သွေးတိုးတိုးနဲ့ မူးမလဲစေဖို့
🌞 သွေးတိုးရှိတဲ့ မိဘပြည်သူတို့အတွက် ဒီနှစ် နွေရာသီပူပူပြင်းပြင်းမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ဒီနေ့တော့ ဝေမျှပေးချင်ပါတယ်။
🔺 ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး အဝမလွန်အောင် ဂရုစိုက်ပါ။ ကိုယ်အလေးချိန် (၂) ပေါင်တိုးရင် သွေးပေါင်ချိန်ကိုလည်း 1 mmHg တက်စေပါတယ်။
🔸· ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။ ရေရှည် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးပေါင်ချိန်ကို 5 to 8 mmHg လျှော့ချပေးနိုင်ပါတယ်။ နွေရာသီမှာတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ မနက်ခင်း (သို့) ညနေခင်းကို လုပ်ဆောင်သင့်ပါတယ်။
🥤· ရေများများသောက်ပါ။ နွေရာသီမှာ သွေးတိုးစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ချွေးအရမ်းထွက်ပြီးနောက် ဆုံးရှုံးသွားတဲ့ ရေနဲ့ သတ္တုဓာတ်တွေကို ပြန်မဖြည့်ပေးဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ သွေးထုထည်နည်းသွားပြီး သွေးပေါင်ချိန် ကျသွားပါတယ်။ ထိုအခါ ခန္ဓာကိုယ်ကနေ သွေးကြောတွေကို ကျဉ်းသွားစေတဲ့ ဟော်မုန်းကို အလိုအလျောက် ထုတ်လိုက်ပါတယ်။ ဒါကြောင့် ရေဓာတ်လုံလုံလောက်လောက် မရှိရင် သွေးပေါင်ချိန်က သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။
🚫· အရက်များများသောက်ခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး တချို့ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့ကျစေတဲ့အတွက် အရက်ကို လျှော့သောက်ပါ။
🔻· စိတ်ဖိစီးမှုများတာတွေကလည်း သွေးတိုးစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။
🥦· ဆီနဲ့ဆားကို လျှော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
⭕️· ဆီးဆေးနဲ့ သွေးကျဆေးတွေက နေလောင်ဒဏ်တွေ ပိုဖြစ်စေတဲ့အတွက် sunscreen လိမ်းတာမျိုး၊ အပြင်ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ဆောင်ပေးပါ။
👨⚕️· သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပေးပြီး တစ်ခုခု ထူးခြားမှု ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
သွေးတိုးနဲ့ ဆက်စပ်လျက်ရှိတဲ့ ကျန်းမာရေး ပြဿနာများကတော့…
❗️ သွေးတိုးနှင့် နှလုံးရောဂါ
သွေးတိုးခြင်းက ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ပျက်စီးမှု မရှိမခြင်း လက္ခဏာ မပြတတ်လို့ silent killer လို့ခေါ်ကြပါတယ်။ အများစုက သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပေးခြင်း မရှိတဲ့အတွက် သတိမထားမိဘဲ သွေးတိုးရောဂါ ဖြစ်လာတာ ဖြစ်ပါတယ်။ သွေးတိုးတာ အချိန်ကာလတစ်ခု ကြာလာတဲ့အခါမှာ သွေးကြောတွေက မာကြောလာပြီး နှလုံးဆီကိုလည်း အောက်စီဂျင် ကြွယ်ဝတဲ့ သွေးတွေ လုံလောက်စွာ မရောက်တော့ပါ။ ထိုအခါ ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရတ် အမောဖောက်ခြင်းတို့ ဖြစ်စေပါတယ်။
❗️ သွေးတိုးနှင့် လေဖြတ်ခြင်း
သွေးပေါင်ချိန် မြင့်တက်ခြင်းက လေဖြတ်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပိတ်သွားတာကြောင့် လေဖြတ်တာ ဖြစ်ပါတယ်။ သွေးမတိုးအောင် ထိန်းပေးခြင်းက လေဖြတ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။
❗️ သွေးတိုးနှင့် ကျောက်ကပ်
ခန္ဓာကိုယ်ထဲက သတ္တုဓာတ်တွေ ညီမျှအောင် ထိန်းထားနိုင်ဖို့၊ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့၊ အရေးပါတဲ့ ဟော်မုန်းတွေကို ထုတ်ပေးဖို့အတွက် ကျောက်ကပ်က အလုပ်လုပ်ရပါတယ်။ ကျောက်ကပ်မှာ သွေးတွေကို စစ်ထုတ်ပေးတဲ့ သေးငယ်တဲ့ သွေးကြောလေးတွေ အများကြီး ရှိပါတယ်။ သွေးတိုးတဲ့အခါ ထိုသွေးကြောတွေကို ပျက်စီးစေတဲ့အတွက် ကျောက်ကပ်က သွေးကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့ပါ။ ကျောက်ကပ်မကောင်းတော့တဲ့အခါ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးတဲ့ ဟော်မုန်းကို ကောင်းကောင်းမထုတ်နိုင်တော့တဲ့အတွက် သွေးပေါင်ချိန်ကိုလည်း မထိန်းနိုင်တော့တာ ဖြစ်ပါတယ်။
❗️ သွေးတိုးနှင့် မျက်လုံး
မျက်လုံးတွေဟာ လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ရရှိဖို့အတွက် သေးငယ်တဲ့ သွေးကြောလေးတွေအပေါ် မှီခိုနေပါတယ်။ သွေးတိုးမထိန်းနိုင်လို့ ထိုသွေးကြောလေးတွေ ပျက်စီးစေတဲ့ အခါမှာတော့ အမြင်အာရုံ ကွယ်တဲ့အထိ ဖြစ်နိုင်တဲ့ မျက်လုံးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးရှိတယ်ဆိုရင် မျက်လုံးကိုလည်း ပုံမှန်စစ်ပေးရပါမယ်၊ ထိုမှသာ ပျက်စီးနေတာ ရှိပါက စောစီးစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ဆောင်သင့်၊ ရှောင်သင့်တဲ့ ကျန်းမာရေး အချက်အလက်တွေကို မှတ်သားရင်းနဲ့ ဒီနှစ် နွေရာသီမှာ အထိအခိုက်မရှိ ပျော်ရွှင်ကျန်းမာသော စက္ကန့်တိုင်းကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်…💜