💭 အထက်လန်အောက်လျှောရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ? 💭
🦠 အထက်လန်အောက်လျှောရောဂါဆိုတာဟာ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်တွေကြောင့် ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းတွေကိုဖြစ်စေတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါက ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းအပြင် ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်များ ညောင်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုလည်း ခံစားရစေပါတယ်။
🧫 အထက်လန် အောက်လျှောရောဂါက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဒီရောဂါက Rotavirus ကြောင့် ကလေးငယ်တွေမှာအဖြစ်များပြီး လူကြီးတွေမှာတော့ Norovirus (သို့) ဘက်တီးရီးယားကြောင့် ဖြစ်တတ်ကြပါတယ်။
‼️ အထက်လန်အောက်လျှောဖြစ်ပွားလာတဲ့အခါ လုပ်ဆောင်ပေးရမယ့်အချက်တွေကတော့…
🟪 အပင်ပန်းမခံဘဲ ကောင်းကောင်း အနားယူပြီး အစာကြေလွယ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်စားသုံးပေးရပါမယ်။
🟪 ဝမ်းလျှောခြင်းနဲ့ အန်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ရေများများပြန်သောက်ပေးရပါမယ်။ လူကြီးတွေက အသီးဖျော်ရည်၊ စွပ်ပြုတ်တို့လည်း သောက်သုံးနိုင်ပေမယ့် ကလေးငယ်တွေကိုတော့ အချိုရည်နှင့်အသီးဖျော်ရည်တို့ကို မတိုက်ကျွေးသင့်ပါဘူး။
🟪 အာခေါင်ခြောက်ခြင်း၊ ဆီးအရောင်ရင့်ခြင်းများဖြစ်ပေါ်လျှင် ဓာတ်ဆားရည်သောက်ပေးရပါမယ်။
🟪 ဖျားနာခြင်းနဲ့ ကိုက်ခဲဒဏ်တွေအတွက် ပါရာစီတမော သောက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေဖို့ Probiotics သောက်ပေးနိုင်ပါတယ်။
🟪 လူကြီးများက ပျို့အန်တာကို သက်သာစေဖို့ Metoclopramide သောက်နိုင်ပါတယ်။ ကလေးတွေကိုတော့ ဆရာဝန် ညွှန်ကြားထားခြင်းမရှိဘဲ အအန်ပျောက်ဆေး မတိုက်သင့်ပါဘူး။
🟪 အထက်လန်အောက်လျှောရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာများတဲ့အတွက် မိမိသဘောနဲ့ မိမိပိုးသတ်ဆေးသောက်တာမျိုး မပြုလုပ်သင့်ဘဲ ဆရာဝန်ကိုယ်တိုင် ညွှန်ကြားတော့မှသာ သောက်သုံးပါ။
🟪 အထက်လန်အောက်လျှောရောဂါက တခြားသူများကို ကူးစက်လွယ်တာကြောင့် ရောဂါလက္ခဏာများ သက်သာပြီး (၄၈) နာရီ မပြည့်မချင်း လက်ကို မကြာခဏဆေးပေးရပါမယ်။ ရောဂါဖြစ်နေဆဲမှာ ကျောင်း၊ အလုပ်၊ အပြင်ကို မသွားဘဲ အိမ်မှာပဲနားနေသင့်ပါတယ်။
⚠️ မူးဝေခြင်း၊ သတိလစ်သွားခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ဆီးမသွားတော့ခြင်း၊ အဖျား 38°C (100.4°F) ကျော်နေခြင်းတို့ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့အမြန်ဆုံး ပြသပေးရပါမယ်။
‼️အထက်လန်အောက်လျှောရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့…
🟣 လက်ကို မကြာခဏ ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အစားအစာများ မပြင်ဆင်ခင်၊ အစာမစားခင်နဲ့ အိမ်သာတက်ပြီးချိန်တွေမှာ ပိုပြီးဂရုစိုက်ဆေးကြောပေးရပါမယ်။
🟣 အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ ပူပူနွေးနွေးစားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။ အကယ်၍ ချက်ချင်း မစားဖြစ်ဘဲ သာမန်အခန်းအပူချိန် (15 – 25 °C) မှာ အချိန်အတန်ကြာကြာထားလိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေများစွာ ပေါက်ပွားနိုင်တဲ့အတွက် (၂) နာရီထက်ပိုပြီး မထားသင့်ပါဘူး။ အပူချိန် 32 °C လောက်ပူပြင်းတဲ့ နေ့ရက်တွေမှာတော့ ချက်ပြုတ်ပြီးသား အစားအစာတွေကို အပြင်မှာ (၁) နာရီထက် ပိုပြီးမထားဘဲ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းရပါမယ်။ စားခါနီးမှာ အစားအစာများကို ဆူပွက်အောင်ပြန်နွှေးပြီးမှသာ စားသုံးပါ။
🟣 ယင်နားစာများ၊ Expiry Date ကျော်လွန်သွားတဲ့ အစားအစာများကို လုံး၀မစားမိအောင် အထူးဂရုစိုက်ရပါမယ်။
🟣 မိမိအနီးအနားမှာ အထက်လန်အောက်လျှောဖြစ်နေတဲ့သူရှိရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့နေနိုင်တဲ့နေရာမှန်သမျှကို သေချာသန့်စင်ပိုးသတ်ပေးရပါမယ်။
ဒီအချက်အလက်တွေကိုလိုက်နာကျင့်ဆောင်ရင်း ရောဂါဖြစ်ပွားနေသူကို ဂရုတစိုက်စောင့်ရှောက်ပေးနိုင်မယ့်အပြင် မိမိကိုယ်တိုင်နဲ့ မိသားစု၊ မိတ်ဆွေတို့အတွက် အထက်လန်အောက်လျှောရောဂါကြီးရဲ့ ဘေးရန်မှ ကာကွယ်လျှော့ချနိုင်မယ်ဆိုတာသေချာပါတယ်။