ခန္ဓာကိုယ်အနှံ့က မှိုရောဂါများ

🦠 မှိုပိုးကူးစက်ခြင်းကြောင့်ဖြစ်တဲ့ အရေပြားရောဂါများကို mycosis လို့ ခေါ်ပါတယ်။ သန်းပေါင်းများစွာသော မှိုမျိုးစိတ်တွေဟာ ဖုန်၊ အပင်၊ အိမ်သုံးပစ္စည်းတွေနဲ့ လူ့အရေပြားပေါ်မှာ ရှိနေတတ်ပါတယ်။

❗️ မှိုရောဂါ ဖြစ်တဲ့အခါ လက္ခဏာတွေ အနေနဲ့ ယားခြင်း၊ အရေပြားခြောက်သွေ့ပြီး အဖတ်များ ကွာကျခြင်း၊ နီရဲခြင်း၊ ရောင်ခြင်းနဲ့ အဖုအပိမ့်ထွက်ခြင်းများ တွေ့ရပါတယ်။

🛑 အတွေ့များတဲ့ မှိုရောဂါတွေကတော့ ပွေး၊ ညှင်း၊ သဲဝဲ၊ မိန်းမကိုယ်မှိုစွဲခြင်း၊ ခြေသည်းလက်သည်း မှိုစွဲခြင်းနဲ့ ဂျွတ်တို့ ဖြစ်ပါတယ်။

⭕️ ပွေး (Tinea Corporis) က အနီရောင် အဝိုင်းပုံစံရှိပြီး အတွင်းသားထက် အပြင်အစွန်းလေးတွေက မြင့်နေတတ်ပါတယ်။ အဝိုင်းပုံစံဖြစ်တဲ့အတွက် Ringworm လို့ ခေါ်ဆိုကြပါတယ်။ ပွေးကွက်နဲ့ တိုက်ရိုက်ထိတွေ့မိလို့ဖြစ်စေ၊ ပိုးရှိသူရဲ့အဝတ်အစား၊ အသုံးအဆောင်တွေနဲ့ ထိတွေ့မိလို့ဖြစ်စေ ကူးနိုင်ပါတယ်။ ပွေးပေါက်တဲ့အခါ clotrimazole, miconazole နဲ့ terbinafine cream တွေ လိမ်းနိုင်ပါတယ်။ ဦးရေပြားပေါ်မှာ ပွေးပေါက်ခြင်းကိုတော့ ဒက် (Tinea Capitis) လို့ခေါ်ပါတယ်။ ဒက်ကို Antifungal shampoo များသုံးပြီး ကုသနိုင်ပါတယ်။

⭕️ ညှင်း (Tinea Versicolor) ကလည်း ကိုယ်လုံးနဲ့ ပခုံးတွေမှာ အဖြစ်များတဲ့ မှိုရောဂါတစ်မျိုးဖြစ်ပြီး ပုံမှန်အရေပြားအရောင်ထက် ဖျော့သော (သို့) ရင့်သော အကွက်သေးသေးလေးတွေ ပုံစံဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာ တွေ့ရတာ များပါတယ်။ သူကတော့ နာကျင်ခြင်းနဲ့ တခြားသူကို ကူးခြင်းများကို မဖြစ်စေပါ။ Antifungal cream/lotion တို့နဲ့ ကုသနိုင်ပါတယ်။

⭕️ သဲဝဲ (Tinea Pedis) ကတော့ ခြေထောက်မှာဖြစ်တဲ့ မှိုရောဂါ ဖြစ်ပါတယ်။ သဲဝဲဖြစ်စေတဲ့ မှိုပိုးတွေက ပူနွေးစိုစွတ်တဲ့ ဖိနပ်ထဲ၊ ခြေအိတ်ထဲ၊ locker rooms တွေထဲ၊ ရေကူးကန်ထဲနဲ့ အများသုံး ရေချိုးကန်တွေမှာ နေတတ်ပါတယ်။ ရှူးဖိနပ်ကျပ်ကျပ်စီးသူတွေ၊ ချွေးစိုနေတဲ့ ခြေအိတ်ကို မလဲဘဲ ဝတ်သူတွေမှာ ပိုအဖြစ်များပါတယ်။ အားကစား သမားတွေမှာ ဖြစ်လေ့ရှိတဲ့အတွက် Athlete’s foot လို့လည်း ခေါ်ပါတယ်။ Antifungal cream တွေနဲ့ ကုသနိုင်ပြီး ခြေထောက်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားပေးဖို့ အရေးကြီးပါတယ်။

⭕️ မိန်းမကိုယ် မှိုစွဲခြင်းက ဆီးချိုရှိသူ၊ အဝလွန်သူနဲ့ ပိုးသတ်ဆေးသောက်နေရတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ မိန်းမကိုယ် မှိုစွဲတဲ့အခါ ယားခြင်း၊ မိန်းမကိုယ်ကနေ အဖြူ (သို့) အဝါရောင် အရည်များဆင်းခြင်း၊ မိန်းမကိုယ်အပြင်ပိုင်း နီရဲခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ ခံစားရပါတယ်။ Antifungal သောက်ဆေးများသောက်ခြင်း၊ လိမ်းဆေးများလိမ်းခြင်း၊ မိန်းမကိုယ်အတွင်း ဆေးတောင့်များ ထည့်ခြင်းဖြင့် ကုသနိုင်ပါတယ်။

⭕️ ခြေသည်းလက်သည်းများ မှိုစွဲခြင်း (Tinea Unguium) ဖြစ်တဲ့အခါ ခြေသည်းလက်သည်းတွေ မာလာပြီး အဝါရောင် သမ်းလာပါတယ်။ လူ၁၀ ယောက်မှာ ၁ယောက်ဖြစ်နိုင်ပြီး အသက် (၆၀) ကျော်တွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။ Antifungal သောက်ဆေး၊ လိမ်းဆေးများဖြင့် ကုသနိုင်ပါတယ်။

⭕️ ဂျွတ် (Jock itch/Tinea Cruris) က လိင်အင်္ဂါ၊ တင်ပါး၊ ပေါင်အတွင်းသားတို့မှာ အဖြစ်များပါတယ်။ လူတစ်ဦးမှ တစ်ဦးကို အနည်းအကျဉ်း ကူးစက်နိုင်ပါတယ်။ ဖြစ်တဲ့နေရာကို အဝတ်သန့်သန့်နဲ့ သန့်ရှင်းရေးလုပ် ခြောက်သွေ့အောင်လုပ်ပြီး Antifungal cream လိမ်းပါ။ အဝတ်အစား အထူးသဖြင့် underwear ကို နေ့စဉ်လဲပေးပါ။

✅ မှိုပိုးမကူးစက်အောင် ကာကွယ်ဖို့အတွက်

🧼 ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
🛁 ခြေထောက်သုတ်ဖို့ အဝတ်သီးသန့်ထားပြီး မကြာခဏ ဆေးပေးပါ။
Gym နဲ့ ရေကူးကန်က ရေချိုးခန်းတွေမှာ ဖိနပ်စီးပါ။
❌ ရှူးဖိနပ်ကျပ်ကျပ်များ အချိန်အကြာကြီး စီးခြင်းအား ရှောင်ကြဉ်ပါ။
❌ တဘက်၊ လက်သည်းညှပ်၊ ခြေအိတ်နဲ့ ဖိနပ်များအား တခြားသူများနဲ့ မျှဝေအသုံးပြုခြင်းအား ရှောင်ကြဉ်ပါ။

Leave a Comment