ထိပ်ကပ်နာရောဂါဆိုတာ

🦠 ထိပ်ကပ်နာဆိုတာဟာ ပုံမှန်ဆို လေပဲရှိရမယ့် “Sinus” လို့ခေါ်သော အခေါင်းပေါက်လေးတွေမှာ အရည်တွေစုလာပြီး ဗိုင်းရပ်စ်ပိုးဝင်၍ ရောင်ရမ်းမှုဖြစ်သော ရောဂါဖြစ်ပါတယ်။ ရံဖန်ရံခါမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။

▫ ပုံမှန်အားဖြင့် လူအများစုမှာ Sinus (၈)ခု ရှိလေ့ရှိပါတယ်။ မျက်လုံးအပေါ် နှဖူးမှာ (၂) ခု၊ နှာခေါင်းရဲ့ အနောက်နှင့် မျက်လုံး နှစ်လုံးကြားနေရာများမှာ (၄) ခု၊ မျက်လုံးရဲ့အောက်၊ ပါးနှစ်ဖက် အနောက်မှာ (၂)ခု တည်ရှိနေပါတယ်။

ထိပ်ကပ်နာ ရောဂါဟာ အအေးမိတုပ်ကွေး ဖြစ်ပြီးတဲ့ချိန်မှာ အဖြစ်များတတ်ပါတယ်။ အဓိက ‌ရောဂါလက္ခဏာတွေကတော့

🔹 ပါး၊ မျက်လုံး (သို့) နှဖူးတစ်ဝိုက်တွင် ရောင်ရမ်းနာကျင်ခြင်း

🔹 နှာရည်ယို၊ နှာပိတ်ခြင်း

🔹 အနံ့မရခြင်း

🔹 အစိမ်း (သို့) အဝါရောင် နှာရည်များ ထွက်ခြင်းနဲ့

🔹 ဖျားနာခြင်းတို့ ဖြစ်ပါတယ်။

☑ တခြား လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ ချောင်းဆိုးခြင်းနဲ့ နားတွင်း ဖိအားများခြင်းတို့လည်း ဖြစ်နိုင်ပါသေးတယ်။ ညအိပ်တဲ့အခါမှာတော့ ဟောက်တတ်ပြီး စကားပြောရင် နှာသံပေါက်နေတတ်ပါတယ်။

ထိပ်ကပ်နာရောဂါ သက်သာအောင် ကိုယ်တိုင်လုပ်ဆောင်ရမှာတွေကတော့

🔸 ကောင်းကောင်း အနားယူပါ။

🔸 အရည်များများဝင်အောင် သောက်ပါ။

🔸 ဖျားတာ နာတာ ရှိရင် ပါရာစီတမော သောက်ပါ။

🔸 ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတွေကနေ ဝေးဝေးရှောင်ပါ။

🔸 ဆေးလိပ်ဖြတ်ပါ။

🔸 ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီး နှာခေါင်းအစက်ချဆေးရည် (သို့) ဖျန်းဆေး သုံးပါ။

ထိပ်ကပ်နာရောဂါက (၁)လအတွင်း သူ့အလိုလို ပျောက်ကင်းလေ့ရှိပေမယ့် အဲ့ထက် ဖြစ်တာကြာနေရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ဖြင့် ပြသပေးဖို့ လိုအပ်ပါတယ်နော်…💜

Leave a Comment