❗️ ခွေးရူးပြန်ရောဂါ ❗️

💢 ခွေးရူးပြန်ရောဂါ (Rabies) ဆိုသည်မှာ ထိခိုက်ပွန်းပဲ့နေသော အရေပြားနှင့် ရောဂါပိုးရှိသော တိရစ္ဆာန်ရဲ့ သွားရည် တိုက်ရိုက်ထိတွေ့ရာမှ Rhabdovirus ကူးစက်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်စေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့အခါ လည်ပင်းကြွက်သားများ သေပြီး ရေမျိုမချနိုင်တော့ဘဲ ရေသောက်ရမှာကို အလွန်ကြောက်သွားတာကြောင့် Hydrophobia လို့လည်း ခေါ်ပါတယ်။

⭕️ လူသားများအပါအဝင် သွေးနွေးသတ္တဝါများအားလုံး ခွေးရူးရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီး (၄) ပါတ်နဲ့ (၆) ပါတ်ကြားမှာ လက္ခဏာများ စတင်ပေါ်ပေါက်ပါတယ်။ ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေကတော့ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ အကိုက်ခံရတဲ့ နေရာတွင် ယားခြင်းတို့ ဖြစ်ပါတယ်။ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်တာကြောင့် ဂနာမငြိမ်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်းနှင့် ကြမ်းတမ်းသော အပြုအမူများလည်း ဖြစ်တတ်ပါတယ်။ ထို့နောက် သတိလစ်မေ့မြောသွားကာ နှလုံး (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် (၁)ပတ်အတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။

⚠️ ရောဂါလက္ခဏာတွေပေါ်လာမှ ကုသမယ်ဆို မမီတော့တာကြောင့် အကိုက်ခံရပြီဆိုတာနဲ့ ထိုနေရာကို ရေများများနဲ့ ချက်ချင်းဆေးပါ။ ဆပ်ပြာနဲ့လည်း ဆေးပါ။ Alcohol 70%နဲ့လည်း ထပ်ပြီး သန့်ရှင်းပေးပါ။ ခွေးရူးပြန်ကာကွယ်ဆေးကို အကိုက်ခံရပြီး ၂၄ နာရီအတွင်း ထိုးရပါမယ်။ ဈေးကွက်ထဲမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Rabies Vaccine) နဲ့ ဖြေဆေး (Rabies Immunoglobulin) ဆိုပြီး နှစ်မျိုးရှိပါတယ်။

💉 Vaccine ထိုးမယ်ဆိုလျှင် အကိုက်ခံရသည့်ရက်တွင် ပထမ (၁) လုံး စထိုးရပါမယ်။ ပထမ (၁) လုံးထိုးပြီး (၃) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ ပထမ (၁) လုံးထိုးပြီး (၇) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ ပထမ (၁) လုံးထိုးပြီး (၁၄) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ ပထမ (၁) လုံးထိုးပြီး (၂၈) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ စုစုပေါင်း (၅) လုံး ထိုးရပါမယ်။

💉 နောက်တစ်နည်းမှာ အကိုက်ခံရသည့်နေ့တွင် (၂) လုံး၊ (၇) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ (၂၁) ရက်မြောက်နေ့တွင် နောက် (၁) လုံး၊ စုစုပေါင်း (၄) လုံး ထိုးရပါမယ်။ လူကြီးများတွင် လက်မောင်းကြွက်သားကို ထိုးပြီး ကလေးများတွင် ပေါင်အရှေ့ဘက် ကြွက်သားကို ထိုးပါတယ်။

‼️ အကိုက်မခံရလိုက်ဘဲ ငုံခဲခံရခြင်း၊ သွေးမထွက်ဘဲ ပွန်းရာခြစ်ရာလောက်ရှိခြင်းတို့တွင် vaccine ပဲထိုးရင်ရသော်လည်း အရေပြားပေါက်ပြဲသည်အထိ သွေးထွက်အောင် အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်း၊ အနာပေါ် လျှာဖြင့် အလျက်ခံရခြင်းတို့တွင် ပထမဆုံး vaccine ထိုးသည့်ရက်မှာ immunoglobulin ပါ ဆန့်ကျင့်ဖက်နေရာမှာ ထိုးပေးဖို့ လိုပါတယ်။

🔰 ခွေးကိုက်ခံရနိုင်ခြေများတဲ့ တိရစ္ဆာန်ဆရာဝန်များ၊ ခွေးရူးပြန်ရောဂါ အဖြစ်များတဲ့ ဒေသကို ခရီးသွားမယ့်သူများအနေဖြင့် ကာကွယ်ဆေးကို ကြိုတင် ထိုးနှံထားသင့်ပါတယ်။ ကြိုတင်ထိုးမယ်ဆိုလျှင် ပထမဆုံးရက်မှာ (၁) လုံး၊ (၇) ရက်မြောက်နေ့မှာ (၁) လုံး၊ (၂၁) ရက်မြောက်နေ့မှ (၁) လုံး ထိုးရပါမယ်။

✅ ကာကွယ်ဆေး အပြည့်ထိုးပြီးနောက် ခွေးထပ်မံကိုက်ခံရပါက အရင်ဆေးထိုးထားတာ (၆) လအတွင်းပဲ ရှိသေးရင် ထပ်ကိုက်ခံရတဲ့ရက် (၁)လုံးပဲ ထပ်ပြီး ထိုးဖို့လိုပါမယ်။ အကယ်၍ (၆) လကျော်သွားပြီဆိုရင်တော့ ကိုက်ခံရတဲ့နေ့မှာ (၁) လုံး၊ (၃) ရက်မြောက်နေ့မှ (၁) လုံး ထိုးဖို့ လိုအပ်ပါတယ်။

နှစ်စဥ်နှစ်တိုင်း စက်တင်ဘာ (၂၈) ရက်နေ့ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားတာကြောင့် ခွေးရူးပြန်ရောဂါဖြင့် အသက်ဆုံးရှုံးမှု မဖြစ်ရလေအောင် အခုလို အသိပညာပေး မျှ‌၀ေလိုက်ပါတယ်ရှင့်…

Leave a Comment