🔸 ပရိုဘိုင်အိုတစ် (Probiotics) ၏ လူသိနည်းသည့် ကောင်းကျိုး (၆) မျိုး

🦠 ပရိုဘိုင်အိုတစ်များကို ခန္ဓာကိုယ်အနှံ့မှာ သဘာဝအတိုင်း တွေ့ရပါတယ်။ များသောအားဖြင့် အူလမ်းကြောင်းတွင် နေထိုင်ကြပြီး ခန္ဓာကိုယ်ကို အကျိုးပြုသော သက်ရှိ ဘက်တီးရီးယားများ ဖြစ်ပါတယ်။ 🧀 ပရိုဘိုင်အိုတစ်များကို ဒိန်ချဉ်၊ ချိစ်၊ နို့၊ ကီဖာနဲ့ ကင်ချီကဲ့သို့ အချဉ်ဖောက်ထားတဲ့ အစားအစာများ၊ အဖျော်ယမကာများမှ ရရှိနိုင်ပါတယ်။ 💊 ဖြည့်စွက်စာအနေနဲ့လည်း ဈေးကွက်ထဲတွင် ဆေးလုံး၊ ဆေးတောင့်၊ ဆေးရည်၊ ဆေးမှုန့်စသည်ဖြင့် ပုံစံမျိုးစုံ ရောင်းချကြပါတယ်။ အသုံးများသော ပရိုဘိုင်အိုတစ် မျိုးစိတ်များမှာ Lactobacillus, Bifidobacterium နဲ့ Saccharomyces တို့ ဖြစ်ပါတယ်။

⭕️ Prebiotic ဆိုတာကတော့ probiotic ၏ အစာဖြစ်ပြီး probiotic များ ပိုပွားနိုင်အောင် အထောက်အကူပေးပါတယ်။ 🍌 Prebiotic ပါတဲ့ အစားအစာများကတော့ ငှက်ပျောသီး၊ ကညွတ်၊ မှို၊ ပန်းသီး၊ သစ်တော်သီးနဲ့ ကြက်သွန်နီ စတာတွေ ဖြစ်ပါတယ်။

✔️ ပရိုဘိုင်အိုတစ်များက အူလမ်းကြောင်းကို ကျန်းမာစေတယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ အစာခြေစနစ် ကျန်းမာကောင်းမွန်စေခြင်း၊ အူလမ်းကြောင်း အတွင်းရှိ အကျိုးပြုပိုးမွှားများ ညီညွတ်မျှတစေခြင်း၊ အူသိမ်အူမ၏ လုပ်ငန်းဆောင်တာများ ပုံမှန်ဖြစ်စေခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ပေးစွမ်းပါတယ်။ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ လေချဉ်တက်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ပရိုဘိုင်အိုတစ်တွေမှာ တခြားသော အကျိုးကျေးဇူးများစွာလည်း ရှိပါသေးတယ်။

✅ ကိုယ်ခံအားကောင်းစေခြင်း

ခန္ဓာကိုယ်ရှိ ကိုယ်ခံအား ဆဲလ်တွေ၏ (၇၀) ရာခိုင်နှုန်းက အူထဲတွင် ရှိပါတယ်။ ထို့ကြောင့် အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းထားခြင်းက ကိုယ်ခံအားစနစ်ကိုလည်း ပုံမှန်ထိန်းထားပေးပြီးသား ဖြစ်စေပါတယ်။ ပရိုဘိုင်အိုတစ်များသည် ကိုယ်ခံအားကောင်းစေပြီး ဖျားနာခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေး ဖျားနာခြင်း လက္ခဏာများကို အချိန်တိုအတွင်း သက်သာစေကာ ပြင်းထန်မှုကိုလည်း လျှော့ချပေးပါတယ်။

✅ အသားအရေအတွက် ကောင်းခြင်း

ပရိုဘိုင်အိုတစ်များသည် နှင်းခူ၊ ဝက်ခြံ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ပျက်စီးခြင်းနှင့် ဓာတ်မတည့်မှုများကြောင့် အရေပြား ရောင်ရမ်းခြင်းများအား ကာကွယ်ကုသပေးနိုင်တာကို တွေ့ရပါတယ်။

✅ ဦးနှောက်ကျန်းမာစေခြင်း

ခန္ဓာကိုယ်မှာ neurotransmitters လို့ခေါ်တဲ့ အာရုံကြော တစ်ခုနှင့် တစ်ခုကြား သတင်းပေးပို့သူများသာ မရှိဘူးဆိုရင်တော့ ဘယ်အလုပ်ကိုမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေက ထို neurotransmitters များရဲ့ အရေအတွက်နှင့် လုပ်ငန်းဆောင်တာတွေ အပေါ်ကို ထိခိုက်စေပါတယ်။ ပရိုဘိုင်အိုတစ်တွေက လျော့နည်းသွားတဲ့ neurotransmitters တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်တာကြောင့် အာရုံကြော ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ စိတ်အခြေအနေ တိုးတက်ကောင်းမွန်စေခြင်းနှင့် စိတ်ဖိစီးမှုများ လျော့ကျစေတာကို တွေ့ရပါတယ်။

✅ သွားနှင့် သွားဖုံး ကျန်းမာစေခြင်း

ပရိုဘိုင်အိုတစ်များက ခံတွင်းအတွင်းသို့ မကောင်းတဲ့ ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် သွားပိုးပေါက်ဖြစ်ခြင်းများအား ကာကွယ်ကုသပေးပါတယ်။ သွားချေး၊ သွားချိုးများ ဖြစ်စေသော ဘက်တီးရီးယားပမာဏကို လျှော့ချပေးပါတယ်။

✅ အသည်းနှင့် ကျောက်ကပ်ကျန်းမာအောင် ထောက်ပံ့ပေးခြင်း

အူထဲတွင် မကောင်းသည့် ဘက်တီးရီးယားများက ကောင်းသည့် ဘက်တီးရီးယားများထက် များနေပါက urea, uric acid, creatinine စတဲ့ အဆိပ်အတောက်များ၊ ရောင်ရမ်းမှုကို ဖြစ်စေသည့် ပစ္စည်းများ ပိုထွက်စေပါတယ်။ ထိုအရာများက ကျောက်ကပ်နှင့် အသည်းကို ထိခိုက်စေပါတယ်။ ထိုအချိန်မှာ ပရိုဘိုင်အိုတစ်တွေက ထိုအရာများကို အစာအဖြစ် စားသုံးပြီး ဖယ်ရှားပေးလိုက်ခြင်းကြောင့် အသည်းနှင့် ကျောက်ကပ်ကို ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ခြင်း ဖြစ်ပါတယ်။

✅ နှလုံးကျန်းမာစေခြင်း

ပရိုဘိုင်အိုတစ်များက အစားအစာများမှ ပါလာသည့် ခန္ဓာကိုယ်အတွက် မကောင်းသော အဆီဓာတ် (LDL cholesterol) များကို ခန္ဓာကိုယ်ကနေ စုပ်ယူမှု နည်းစေခြင်းဖြင့် နှလုံးသွေးကြောများ မကျဉ်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

👨‍⚕️ ရောဂါအခံရှိသူနှင့် ကိုယ်ဝန်ဆောင်သည်များ အနေနဲ့ကတော့ ပရိုဘိုင်အိုတစ်ကို မိမိ၏ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ လူအများစုအတွက်ကတော့ ပရိုဘိုင်အိုတစ်ကို စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်ကို စစသောက်ချင်းမှာတော့ လေပွသလိုမျိုး ခံစားရနိုင်ပါတယ်။ ထို့ကြောင့် စသောက်ခါစတွင် နည်းနည်းချင်းစသောက်သင့်ပြီး နောက်မှ တဖြည်းဖြည်း တိုးသောက်သင့်ပါတယ်။

🙌 အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းထားပါက ခန္ဓာကိုယ် တစ်ခုလုံးလည်း ကျန်းမာပြီး နေလို့ကောင်းစေတာဖြစ်လို့ အူလမ်းကြောင်းကို အကျိုးပြုသော ပရိုဘိုင်အိုတစ်များကို မှီဝဲကျဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

Leave a Comment