သားဥအိမ် ရေအိတ်တည်ရောဂါ
🙏🏻 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်သော Polycystic Ovary Syndrome (PCOS) ဆိုတဲ့ သားဥအိမ် ရေအိတ်တည်ရောဂါအကြောင်းကို “ဇီဝက”မှ ပြောပြပေးပါရစေ။
👩🏻 ဒီရောဂါရပ်ကြီးဟာ အမျိုးသမီး (၁၀) ယောက်မှာ (၁) ယောက် ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်သူ အယောက် (၁၀၀) မှာ အယောက် (၄၀) လောက်က မျိုးရိုးကြောင့် ဖြစ်ပါတယ်။ နာမည်ကသာ ရေအိတ်တည်ရောဂါလို့ ခေါ်ကြပေမယ့် အမှန်တကယ်မှာတော့ ရောဂါဖြစ်သူအများစုမှာ ရေအိတ်ရှိမနေတတ်ဘဲ တစ်ချို့မှာပဲ ရှိတတ်ကြတာပါ။
♦️ Androgens (အန်ဒရိုဂျင်) ဆိုတဲ့ ဟော်မုန်းက အမျိုးသားဟော်မုန်း ဖြစ်သော်ငြား အမျိုးသမီးတွေမှာလည်း ပမာဏအနည်းငယ် ရှိတတ်ပါတယ်။ PCOS ရှိတဲ့ အမျိုးသမီးတွေမှာတော့ သားဥအိမ်က အန်ဒရိုဂျင်ကို အလွန်အကျွံထုတ်လုပ်ပြီး အခြားဟော်မုန်းများနှင့် ဟန်ချက်ညီမှုကို နှောင့်ယှက်လိုက်တာကြောင့် သားဥကြွေခြင်းကို အနှောင့်အယှက်ဖြစ်စေကာ ရာသီမလာခြင်း၊ ရာသီမမှန်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် PCOS ရောဂါရှိရင် ကလေး၊ ကိုယ်ဝန်ရနိုင်ဖို့ ခဲယဉ်းတာ ဖြစ်ပါတယ်။
PCOS ရဲ့ အဖြစ်များတဲ့ လက္ခဏာအချို့မှာ
🔻 ရာသီမမှန်ခြင်း၊
🔻 ဝက်ခြံထွက်ခြင်း၊
🔻 မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ပုံမှန်ထက် အမွှေးအမျှင်ထူခြင်း
🔻 ဝိတ်တက်လာခြင်းတို့ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်မလာအောင် စောစီးစွာ စစ်ဆေးကုသသင့်ပါတယ်။
✅ မိမိမှာ PCOS ရှိနေပါက ကိုယ်အလေးချိန်ထိန်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ သွေးတွင်းသကြားဓာတ်ထိန်းခြင်းတို့ပါဝင်တဲ့ ကျန်းမာသောလူနေမှုပုံစံကို ကျင့်သုံးပါ။ နေ့စဉ် အချိန်မှန်အိပ်၊ အချိန်မှန်ထပြီး စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။ ကဖင်းဓာတ်ကို လျှော့ချပါ။ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကိုရှောင်ပါ။ အစားအစာတွေသိမ်းဆည်းတဲ့အခါ ပလတ်စတစ်အစား ဖန်နဲ့ စတီးတို့ကို သုံးပါ။ အစားမစားခင်တိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောပါ။
🍽 ဖြည့်စွက်စာအနေနဲ့ကတော့ Inositol, Omega 3, Vitamin D3 နဲ့ Chromium တို့ကို မှီဝဲနိုင်ပါတယ်။ ရာသီမှန်အောင် ဟော်မုန်းပါတဲ့ တားဆေးလည်း သောက်ရတတ်ပါတယ်။ ကလေးယူမယ့်သူတွေကတော့ သားဥကြွေအောင် ဆရာဝန်ညွှန်ကြားချက်ဖြင့် Clomiphene, Metformin, Letrozole တို့ သောက်ရတတ်ပါတယ်။
နိဂုံးချုပ်အားဖြင့် PCOS ဟာ ရာသီလာချိန်ကို အနှောင့်အယှက်ဖြစ်စေပြီး နောက်ဆက်တွဲ ရောဂါများပါ ဖြစ်စေနိုင်သော်လည်း ထိရောက်တဲ့ကုသမှုများ ရှိနေတာကို သတိရပေးပါ။ ကျန်းမာသော ဘဝနေထိုင်မှုပုံစံ၊ လိုအပ်သော ဆေးဝါးများဖြင့် PCOS ရောဂါကြီးအား ထိန်းသိမ်းနိုင်ပြီး ကျန်းမာပျော်ရွှင်သောဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်…💜