🩸 သွေးဆုံးကိုင် ဝေဒနာများကို သက်သာစေတဲ့ Oestrogel လိမ်းဆေးအကြောင်း

✅ ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ တခြားလိမ်းဆေးများနဲ့ မတူဘဲ အသုံးပြုပုံကွဲပြားပြီး လိမ်းပုံလိမ်းနည်း ဆန်းသစ်တဲ့ Oestrogel လိမ်းဆေးအကြောင်းကို ဗဟုသုတ ရရှိစေဖို့အတွက် မျှဝေပေးချင်ပါတယ်ရှင့်။

💠 Oestrogel မှာဆိုရင် အမျိုးသမီးဟော်မုန်း တစ်မျိုးဖြစ်တဲ့ 17 beta estradiol ပါဝင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရမယ့် POM ဆေး ဖြစ်ပါတယ်။ Oestrogel တစ်ဘူးမှာ ဆေးပမာဏ 80 g ပါဝင်ပြီး ဆေးချိန်တွယ်ဖို့ ပေတံလေး တစ်ချောင်း (Spatula) ပါဝင်ပါတယ်။ ပေတံလေးပေါ်မှာပါတဲ့ အစမှတ်ကနေ အဆုံးမှတ်ထိ ဆေးကို ညီညီညာညာလေး ညှစ်ထည့်လိုက်မယ်ဆိုရင် ဆေးပမာဏ 2.5 g ကိုပေးပါတယ်။ ဆေး 2.5 g ဆိုရင် estradiol ပမာဏ 1.5 mg ရရှိမှာ ဖြစ်ပါတယ်။

⭕️ Oestrogel က သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာများဖြစ်တဲ့ အသားများ ပူခြင်း၊ ချွေးစေးပြန်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ညဘက်အိပ်မပျော်ခြင်း စတာတွေကို သက်သာစေပါတယ်။ သွေးဆုံးပြီးနောက် အရိုးပွခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

✔️ စလိမ်းတဲ့အခါ ပေတံတဝက် (1.25 g) ကနေ စပြီး 2.5 g အထိ ဖြည်းဖြည်းချင်း တိုးလိမ်းရပါတယ်။ (၁) လကို (၂၄) ရက်မှ (၂၈) ရက် လိမ်းပေးရပါတယ်။ လူနာတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး dose ကွဲပြားလေ့ ရှိပါတယ်။ ဆေးလိမ်းရတဲ့ နောက်ဆုံး (၁၂) ရက်မှာ progestogen လည်း တွဲညွှန်လေ့ ရှိပါတယ်။

⚠️ အကယ်၍ ဆေးလိမ်းဖို့ မေ့ခဲ့ပါက ၂ ဆ မလိမ်းမိဖို့ကိုတော့ သတိပြုရပါမယ်။ ဆေးပမာဏလွန်ကဲသွားတဲ့အခါ တွေ့ရမယ့် လက္ခဏာတွေကတော့ ရင်သားများ တင်းခြင်း၊ ဝမ်းဗိုက်ရောင်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်တိုခြင်းတို့ ဖြစ်ပါတယ်။ လိမ်းတာလျှော့လိုက်တဲ့အခါ၊ ရပ်လိုက်တဲ့ အခါမှာတော့ ထိုလက္ခဏာတွေ သက်သာသွားပါတယ်။

❗️ သွေးခဲများ ဖြစ်ပေါ်ပြီး သွေးပြန်ကြောများ ရောင်ရမ်းခြင်း၊ နှလုံးကြွက်သားများပုပ်ခြင်း၊ အသည်းရောဂါ ရှိခြင်း၊ ရင်သား (သို့) သားအိမ်တွင် အကျိတ်တည်နေခြင်း ရှိသည့် အမျိုးသမီးများတွင်တော့ အသုံးမပြုရပါ။

🛑 Oestrogel ကို သန့်ရှင်းခြောက်သွေ့ပြီး ပွန်းပဲ့ဒဏ်ရာနဲ့ အမွှေး မရှိတဲ့ ပခုံး၊ လက်မောင်းအတွင်းသား၊ ပေါင်အတွင်းသားတို့မှာ လိမ်းပေးရပါမယ်။ ရင်သားအနီးတဝိုက်၊ မိန်းမကိုယ်၊ မျက်နှာတို့မှာ လုံး၀ (လုံးဝ) မလိမ်းရပါ။ ဆေးလိမ်းပြီး နှိပ်နယ်ခြင်း မလုပ်ရပါ။ ဆေးလိမ်းပြီးပါက ပေတံနဲ့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ တခြားလိမ်းစရာများ ရှိပါက Oestrogel လိမ်းပြီး နာရီဝက် ခွာပြီးမှာသာ လိမ်းရပါမယ်။ Oestrogel ကို အာနိသင် ပိုမိုကောင်းမွန်စေဖို့အတွက် နေ့စဉ် အချိန်မှန် လိမ်းပေးသင့်ပါတယ်။

Leave a Comment