🤰 ကိုယ်ဝန်ဆောင် အာဟာရ
🥣 ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့နှင့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို အစားအသောက်ကနေ ရရှိပါတယ်။ ဒါကြောင့် အစားအသောက် ရွေးချယ်တဲ့အခါမှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုံလင်စွာ ပါဝင်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။
✅ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်လည်း ကိုယ်ဝန်မဆောင်ခင်ကထက် အာဟာရဓာတ် ပြည့်စုံစွာ ရရှိဖို့က ပိုလို့အရေးကြီးလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ် ရွေးချယ်စားသောက်ပေးခြင်းက သင့်ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပြီး မိခင်နှင့်ကလေး ကျန်းမာစွာ ကိုယ်အလေးချိန် တက်လာစေဖို့ကို ပံ့ပိုးပေးပါတယ်။
💊 ကိုယ်ဝန်မဆောင်ခင်ကထက် ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ပိုလိုအပ်တာကြောင့် အစားအသောက်အပြင် ဖြည့်စွက်စာ / အားဆေးများ မှီဝဲသင့်ပါတယ်။
☑️ ဖောလစ်အက်ဆစ်ဟာ ကလေးတွင် ဦးနှောက်နှင့် အာရုံကြော ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။
☑️ သံဓာတ်ကတော့ ကလေးရဲ့ ကြီးထွားဖို့နှင့် ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။
☑️ ကယ်လ်စီယမ်က ကိုယ်ဝန်ဆိပ်တက်ခြင်း မဖြစ်အောင် ကာကွယ်ပေးပြီး ကလေး၏ အရိုးနှင့် သွားများကို တည်ဆောက်ပေးပါတယ်။
☑️ ဗီတာမင် D ကလည်း ကယ်လ်စီယမ် စုပ်ယူမှု အားကောင်းအောင် ကူညီပေးပါတယ်။
🔸 ဒီ ဓာတ်တွေ လိုအပ်တယ် ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ညွှန်ကြားထားသော ပမာဏအတိုင်းသာ သောက်သုံးသင့်ပြီး ပိုမသောက်မိအောင်တော့ ဂရုစိုက်ရပါမယ်။
🌰 ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းဓာတ်လည်း ပိုမိုလိုအပ်တာကြောင့် ပရိုတင်းဓာတ်ရစေတဲ့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အသား၊ ပင်လယ်စာနဲ့ ဆားမပါတဲ့ အစေ့အဆံများကို စားသုံးသင့်ပါတယ်။
🥛 ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်တာကြောင့် ရေသောက်ဖို့ မမေ့ဖို့လည်း အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တာတွေကတော့
❗️ အရက်/ဘီယာ
❗️ ရေခဲရိုက်ထားသော အသားများ
❗️ မကျက်တကျက် ချက်ထားသော၊ အစိမ်းသုပ်ထားသော အသား၊ ပင်လယ်စာများ ဖြစ်ပါတယ်။
🥦 ဒါ့အပြင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေဆိုလည်း သေချာသန့်စင်အောင် ဆေးကြောပြီးမှသာ စားသင့်ပါတယ်။ ကဖိန်းဓာတ် သောက်တာ များလွန်းရင်လည်း သင့်ကလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကဖိန်းဓာတ်ကို တစ်နေ့လျှင် 200 mg ထက်နည်းအောင် ကန့်သတ်ထားသင့်ပါတယ်။
🔘 အထက်ပါ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နှင့် ကလေး ကျန်းမာစေပြီး ကလေး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက်လည်း ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။