❗️ သည်းခြေအိတ် ကျောက်တည်ခြင်း

သည်းခြေအိတ်သည် သေးငယ်ပြီး သစ်တော်သီးပုံသဏ္ဍာန်ရှိသော၊ သည်းခြေရည်ကို သိုလှောင်ပေးသော အင်္ဂါတစ်ခုဖြစ်ပါတယ်။ အသည်း၏ ညာဘက်အောက်ခြေတွင် တွယ်ကပ်တည်ရှိပါတယ်။ သည်းခြေရည်ကတော့ အဆီများကိုချေဖျက်ပေးသော အသည်းမှထုတ်လုပ်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အစာစားတဲ့အခါ သည်းခြေအိတ်က သိမ်းဆည်းထားတဲ့ သည်းခြေရည်တွေကို အူသိမ်ထဲသို့ရောက်အောင် ထုတ်ပေးပါတယ်။

🔺 သည်းခြေကျောက်ဆိုတာ ဘာလဲ။
သည်းခြေကျောက်ဆိုသည်မှာ သည်းခြေအိတ် (သို့) သည်းခြေပြွန်များတွင် သည်းခြေရည်များ စုစည်းရာမှ အနည်ကျခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မာကျောတဲ့ အစိုင်အခဲများ ဖြစ်ပါတယ်။

🛑 သည်းခြေကျောက်တည်တာက စိုးရိမ်ရလား။
သည်းခြေကျောက်တည်ရုံက ဘာပြဿနာမှ မဖြစ်စေသော်လည်း ကျောက်က သည်းခြေလမ်းကြောင်းကို ဖြတ်သန်းပြီး တစ်နေရာရာမှာ သွားပိတ်မိနေရင်တော့ နာကျင်မှုနှင့် ပြင်းထန်သော နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်လာနိုင်ပါတယ်။

💢 သည်းခြေကျောက်တည်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
သည်းခြေကျောက်များသည် ယေဘူယျအားဖြင့် တစ်နေရာရာတွင် ပိတ်ဆို့ခြင်း မဖြစ်သေးပါက ရောဂါလက္ခဏာများ မပြသေးပါ။ ပိတ်ဆို့ခြင်း ဖြစ်တော့မှ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်းနှင့် ပျို့အန်ခြင်းတို့ကို ဖြစ်စေပါတယ်။ ပိတ်ဆို့ခြင်း ပြင်းထန်လျှင် (သို့) အချိန်ကြာကြာ ပိတ်ဆို့နေပါက ချွေးထွက်ခြင်း၊ ဖျားခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ဝမ်းဗိုက် ရောင်ရမ်းခြင်း၊ အရေပြားနှင့် မျက်လုံးများ ဝါခြင်း၊ ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့ခြင်း လက္ခဏာတွေကို တွေ့ရပါတယ်။ သည်းခြေကျောက်ကြောင့် ဗိုက်နာတဲ့ ဝေဒနာဟာ ရုတ်တရက် ပြင်းထန်စွာ နာတတ်ပါတယ်။ အစာစားပြီးတဲ့အခါ၊ သည်းခြေအိတ်ကျုံ့တဲ့အခါ၊ သည်းခြေအဖွဲ့အစည်းမှာ ဖိအားပိုများလာတဲ့အခါ ပိုနာတတ်ပါတယ်။ နာတဲ့နေရာကတော့ ညာဘက်နံရိုးအောက်၊ ဝမ်းဗိုက်၏အပေါ်ညာဘက်ထောင့်နေရာ ဖြစ်ပါတယ်။ သို့သော် တစ်ခါတစ်ရံတွင် အခြားနေရာများသို့လည်း နာကျင်မှုက ပျံ့နှံ့သွားတတ်ပါတယ်။

👉 သည်းခြေကျောက်တည်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများမှာ သည်းခြေအိတ်ရောင်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ သည်းခြေပြွန်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အသားဝါခြင်းနဲ့ သွေးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။

⚠️ သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ သွေးတွင်း ကိုလက်စထရောများခြင်း၊ bilirubin ပမာဏ များခြင်း၊ သည်းခြေအက်ဆစ် (bile salts) လုံလောက်မှု မရှိခြင်း၊ သည်းခြေပြွန်နှင့် သည်းခြေအိတ် ကောင်းစွာ လှုပ်ရှားမှုမရှိခြင်းတို့ ဖြစ်ပါတယ်။

⭕️ သည်းခြေကျောက်တည်ခြင်းက အမျိုးသားများတွင် အသက် 60 နောက်ပိုင်းမှာ ဖြစ်နိုင်ခြေ ပိုများပြီး အမျိုးသမီးတွေမှာတော့ အသက် 20 နှင့် 50 ကြားတွင် ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးများသည် အမျိုးသားများထက် သည်းခြေကျောက်ဖြစ်နိုင်ခြေ သုံးဆပိုများပါသေးတယ်။ မျိုးရိုးရှိရင်လည်း ဖြစ်တတ်ပါတယ်။

🔴 သည်းခြေကျောက်တည်ခြင်းအတွက် ကုသမှုများတွင်

  • သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
  • သည်းခြေအိတ်ထဲ ပြွန်ထိုးပြီး ပိုလျှံနေတဲ့ သည်းခြေရည်များနှင့် ကျောက်များအား စုပ်ယူဖယ်ရှားခြင်း
  • သေးငယ်သော ကျောက်များတွင် Ursodeoxycholic acid သောက်ဆေးဖြင့် ကုသခြင်းတို့ ပါဝင်ပါတယ်။

🔸 သည်းခြေကျောက်တည်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ။
သည်းခြေကျောက်တည်ခြင်းကို တားဆီးရန် သေချာသောနည်းလမ်းမရှိသော်လည်း အစားအစာတွင် ကိုလက်စထရောနည်းအောင် လျှော့ချစားသုံးခြင်းဖြင့် သည်းခြေကျောက်တည်ခြင်းကို လျှော့ချနိုင်ပါတယ်။ အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချဖို့လည်း လိုအပ်ပါတယ်။

✔️ စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် သင့်လျော်သော ကုသမှုခံယူခြင်းသည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်အတွက် အရေးကြီးတာကြောင့် သည်းခြေကျောက်တည်ခြင်း၏ လက္ခဏာများ ခံစားရပါက ကျွမ်းကျင်သူနှင့် သေချာပြသရန် တိုက်တွန်းပါတယ်ရှင့်…💜

Leave a Comment