❗️ သတိပြုစရာ မျောက်ကျောက်ရောဂါ ❗️

🛑 အာဖရိကနိုင်ငံအများအပြားတွင် မျောက်ကျောက် ဗိုင်းရပ်စ် (Mpox virus) ကူးစက်မှုများ ဖြစ်ပေါ်နေ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နိုင်ငံတကာ စိုးရိမ်စရာ ကျန်းမာရေး ပြဿနာအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုဖြစ်ပွားနေသည့် ဗိုင်းရပ်စ်မှာ clade 1 ဟု အမည်ပေးထားသည့် မျိုးကွဲအသစ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားသူ (၁၇၀၀၀) ကျော်နှင့် သေဆုံးသူ (၅၇၁) ဦးရှိခဲ့ပါတယ်။

🔴 မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှတဆင့် ကူးစက်ပါတယ်။ ပိုးရှိသူ၏ အသုံးအဆောင်ပစ္စည်းများ၊ အနီးကပ် နှာချေချောင်းဆိုးခြင်းများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

🟥 ရောဂါပိုးကူးစက်ခံရပါက အစောပိုင်းလက္ခဏာများပေါ်လာရန် ၅ ရက်မှ ၂၁ ရက်ကြား ကြာတတ်ပါတယ်။ အစောပိုင်းလက္ခဏာများမှာ

  • အဖုအပိမ့်များ ထွက်ခြင်း
  • အပြင်းဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း
  • ပြန်ရည်ကျိတ်များရောင်ခြင်းနှင့်
  • အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်ပါသည်။

🔺 အဖုများသည် အရည်ကြည်ဖုပုံစံ (သို့မဟုတ်) အနာနှင့်တူနိုင်ပြီး မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပေါင်ခြံ၊ လိင်အင်္ဂါနှင့် စအိုနေရာများတွင် ပေါက်နိုင်ပါတယ်။ လူအများစုမှာတော့ ပါရာစီတမောလောက်နဲ့ နာကျင်ကိုက်ခဲ ဖျားနာခြင်းများ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ အဖုအပိမ့်များကတော့ (2) ပတ်မှ (4) ပတ်အထိ ကြာတတ်ပါတယ်။ သို့သော် မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နေသူများနှင့် HIV ရောဂါကဲ့သို့သော ကိုယ်ခံအား ချို့တဲ့သူများတွင် ရောဂါ ပြင်းထန်နိုင်လို့ ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါသည်။ ရောဂါပြင်းထန်မှုကို လျှော့ချရန်နဲ့ ပြန်လည်ကောင်းမွန်ဖို့ အချိန်တိုစေရန်အတွက် ဆေးရုံတက်ရတာမျိုး ရှိနိုင်ပါတယ်။

✅ ဒါကြောင့် Mpox မှကာကွယ်ရန် တစ်စုံတစ်ယောက်မှာ ရောဂါလက္ခဏာများ တွေ့ရပါက ပွင့်လင်းစွာပြောဆိုပြီး အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ Mpox ရှိနေသည်ဟု ယူဆရပါက သီးခြားနေပါ။ လက်ကို ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။ မည်သည့်အစားအစာကိုမဆို မစားမီ သေချာစွာချက်ပြုတ်စားသောက်ပါ။ ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ၃ လခန့်ကတော့ ကြိုတင်ကာကွယ်သည့်အနေဖြင့် လိင်ဆက်ဆံလျှင် ကွန်ဒုံးကို အသုံးပြုပါ။ ရောဂါမှ လျှင်မြန်စွာ သက်သာဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့၊ ကောင်းကောင်းစားပြီး လုံလောက်တဲ့အိပ်စက်မှုရှိဖို့ အရေးကြီးပါတယ်။

⭕️ Mpox ရှိသူများသည် အရေပြားကို မကုတ်မိအောင် သတိထားသင့်ပြီး အဖုအပိမ့်များကို မကိုင်တွယ်မီနှင့် ကိုင်ပြီးနောက် လက်ကို ဆေးကြောသန့်စင်ကာ အရေပြားကို ခြောက်သွေ့အောင် မဖုံးအုပ်ထားသင့်ပါ။ အဖုအပိမ့်များကို ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ပေးပါ။ ပါးစပ်မှာ အနာများပေါက်နေပါက ဆားရည်နဲ့ ပါးလုတ်ကျင်းပေးပါ။ ခန္ဓာကိုယ်ရှိ အနာများကို သက်သာစေဖို့ ဆားခါးရေနွေးနွေးဖြင့် ရေချိုးပေးပါ။ လက်ရှိတွင် WHO မှ MVA-BN, LC16 vaccine သို့မဟုတ် ACAM2000 vaccine ကို Mpox ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုထားပါတယ်။

🚫 ယခုအချိန်ထိတော့ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု မရှိသေးတာကြောင့် စိုးရိမ်မလွန်ဘဲ အထက်ပါ လမ်းညွှန်ချက်များကို လိုက်နာရင်း သင်နှင့် သင့်ပတ်ဝန်းကျင် ကျန်းမာအောင် ကာကွယ်ကြပါစို့…💜

Leave a Comment