နာလန်ထ လူနာများအတွက် ပြည့်စုံမျှတသော အာဟာရ

✅ နာလန်ထချိန်တွင် အစားအသောက်ပျက်တာကြောင့် သက်သာဖို့ အချိန်ကြာတတ်ပါတယ်။ နေမကောင်း ဖြစ်နေစဉ်နှင့် ဖြစ်ပြီးချိန်တွင် လျင်မြန်စွာ သက်သာဖို့နှင့် နောက်ထပ်ရောဂါပိုးများ မဝင်ရောက်နိုင်ဖို့အတွက် အာဟာရဓာတ် ကြွယ်ဝသော၊ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သော၊ လွယ်လွယ်ကူကူ စားလို့ရသော၊ အစာကြေလွယ်သော အစားအစာများကို စားပေးသင့်ပါတယ်။

⭕️ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူထားခြင်းများ ရှိပါက အနာကျက်မြန်စေဖို့အတွက် ဗီတာမင်စီနှင့် ဇင့်ကြွယ်ဝသော အစားအစာများက မရှိမဖြစ် အရေးကြီးပါတယ်။🍅 ဥပမာ အချဉ်ဓာတ်ရှိသော အသီးများ၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး၊ အမဲသား၊ ကြက်သား၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဖြစ်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံအားကိုလည်း ကောင်းစေသည့်အတွက် ရောဂါပိုးမွှားများ ထပ်မံမဝင်ရောက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

🥩🥦 ခန္ဓာကိုယ်အနှံ့ အောက်စီဂျင်ကို သယ်ယူပို့ဆောင်ပေးသည့် သွေးနီဥများ လုံလောက်စွာ ရှိနေဖို့အတွက် သံဓာတ်လည်း လိုအပ်ပါတယ်။ ကြက်ဥ၊ အနီရောင်ရှိသောအသားများနှင့် အစိမ်းရောင်ရှိသော အရွက်များက သံဓာတ်ကြွယ်ဝပါတယ်။

🥛 ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်သည့် အာဟာရဓာတ် အပြည့်အစုံ ပါဝင်တဲ့ ဖြည့်စွက်စာ အာဟာရမှုန့်များ သောက်သုံးနိုင်ပါတယ်။

နာလန်ထချိန်တွင် ထပ်မံဂရုစိုက်ပေးရမည့် အချက်များမှာ

☑️ -အသုံးပြုသည့် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းနေအောင် ထားရပါမယ်။

☑️ -ပြင်းထန်သော လှုပ်ရှားမှုများ မလုပ်သေးဘဲ ကောင်းစွာ အနားယူပေးရပါမယ်။

☑️ -အိပ်ရေး၀၀အိပ်ရပါမယ်။

☑️ -ရေဓာတ်ပြည့်ဝနေအောင် ရေ (သို့) လတ်လတ်ဆတ်ဆတ်ဖျော်ထားသည့် အသီးဖျော်ရည်များ သောက်ပေးရပါမယ်။

☑️ -လေကောင်းလေသန့် ရှူပေးရပါမယ်။

☑️ -ကော်ဖီ၊ သကြား၊ ဆီကြော်စာများနှင့် အရက်သေစာ ရှောင်ကြဉ်ရပါမယ်။

နာလန်ထမြန်စေဖို့ convalescent diet အနေဖြင့်

🔹 မနက်စာကို နွားနို့ (သို့) ပျားရည်နှင့် ဒိန်ချဉ်၊ ကြက်ဥပြုတ်၊ ပေါင်မုန့်မီးကင်

🔹 နေ့လည်စာကို အသား (သို့) ငါး၊ ပန်းပွင့်စိမ်း (သို့) ဟင်းနုနွယ်၊ ခေါက်ဆွဲ (သို့) ထမင်း၊ အာလူး

🔹 ညစာကို အသုတ်တစ်မျိုးမျိုး၊ အာလူး၊ နွားနို့နှင့်

🔹 အဆာပြေစာအဖြစ် အသီး၊ အသီးခြောက်၊ အစေ့အဆံ တို့ကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဝမ်းလျှောနိုင်သည့်အတွက် အမှည့်လွန်နေသော အသီးများကိုတော့ မကျွေးရပါ။ အသီးမဝါးနိုင်လျှင် သကြားမထည့်ဘဲ ဖျော်ရည်အဖြစ် ဖျော်တိုက်နိုင်ပါတယ်။ အသားမစားနိုင်သော၊ မစားချင်သော လူကြီးများဆိုလျှင် ငါး၊ ကြက်ဥတို့ ကျွေးပေးပါ။

🍰 အချုပ်အားဖြင့် နာလန်ထစတွင် အမြင်အားဖြင့် စားချင်စိတ်ကို ဖြစ်စေပြီး အရသာရှိသည့် အစားအစာများ လုပ်ကျွေးသင့်ပါတယ်။ တစ်ခါတည်း များများစားခြင်းထက် နည်းနည်းစီ ခဏခဏ စားပေးခြင်းက အစာခြေစနစ်အတွက် ကောင်းမွန်စေလို့ ထိုနည်းလမ်းအတိုင်း လိုက်နာစားသုံးသင့်ပါတယ်။

Leave a Comment