သွေးလှူမယ်ဆိုရင်
🩸 နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်း များစွာဟာ ခွဲစိတ်မှုခံယူနေချိန်မှာပဲဖြစ်ဖြစ်၊ မတော်တဆမှု တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် သွေးသွင်းဖို့ လိုအပ်နေမြဲ ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ သွေးကို ဆေးပညာရပ်ဆိုင်ရာ ကိရိယာများဖြင့် အစားထိုးနိုင်တဲ့ အရာ မရှိတာကြောင့် သွေးလှူဒါန်းခြင်းဟာ လူ့အသက်ကို ကယ်တင်နိုင်သော အမွန်မြတ်ဆုံး အလှူဒါနတစ်ခုပဲ ဖြစ်ပါတယ်။
💁🏻♀️ ကျန်းမာရေးကောင်းမွန်သူ တစ်ဦးအနေနှင့် သွေးတစ်ခါလှူလျှင် သွေးပမာဏတစ်လီတာဝက် ထုတ်လှူနိုင်ပါတယ်။ သွေးလှူပြီး နှစ်ပတ်ကြာလျှင် ခန္ဓာကိုယ်တွင် ပုံမှန်သွေးပမာဏအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် သွေးလှူဒါန်းနိုင်မယ့် အရည်အသွေးပြည့်မီဖို့အတွက် ကိုယ်တိုင်ကျန်းမာရေး ကောင်းမွန်ပြီး အနည်းဆုံး ပေါင်ချိန် (၁၁၀) ရှိနေရပါမယ်။
သွေးမလှူခင် ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ?
✅ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများသာ စားရပါမယ်။ သွေးတွင်း သကြားဓာတ် ကျမနေစေဖို့အတွက် ပုံမှန်စားနေကျအတိုင်း မနက်စာ၊ နေ့လည်စာ၊ ညစာ မရှောင်ဘဲ စားထားရပါမယ်။
✅ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ငါး၊ ကြက်သား၊ ပဲ၊ ဟင်းနုနွယ်တို့ စားသင့်ပါတယ်။
✅ ဟမ်ဘာဂါ၊ ဆီကြော်စာနဲ့ ရေခဲမုန့်လို အဆီများတာတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။
✅ သွေးမလှူခင် ညမှာ အနည်းဆုံး အိပ်ချိန် (၇)နာရီဖြင့် အိပ်ရေး၀၀ အိပ်ရပါမယ်။
✅ သွေးထဲတွင် ရေဓာတ်တစ်ဝက်ပါဝင်တာကြောင့် သွေးမလှူခင် ရက်ပိုင်းအလိုမှာတည်းက ရေဓာတ်ဖြည့်တင်းနိုင်အောင် အရည်များများ သောက်ပေးနေဖို့ လိုအပ်ပါတယ်။
✅ သွေးလှူပြီးနောက် ရေဓာတ်ခမ်းခြောက်ပြီး သွေးပေါင်ချိန်ကျကာ မူးဝေတာမျိုး မဖြစ်စေဖို့အတွက် သွေးမလှူခင် ရေကို ရေသန့်ဘူး တစ်ဝက် သောက်ရပါမယ်။
သွေးလှူနေစဉ်မှာ သက်သောင့်သက်သာရှိပြီး တံတောင်ဆစ်အပေါ်ထိ မ တင်လို့ရမယ့် အင်္ကျီမျိုးကို ဝတ်ဆင်လာခဲ့ပါ။ သွေးထုတ်ယူနေစဉ်မှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း တခြားသွေးလှူသူများနှင့် စကားစမြည်ပြောခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတဲ့အခါမှာ တစ်ယောက်တည်း သွားလှူတာထက် သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် စုပေါင်းလှူတာက ပျော်စရာပိုကောင်းသလို သွေးလှူနေစဉ်မှာလည်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီနိုင်မှာဖြစ်ပါတယ်။ 🫂
💦 သွေးလှူပြီးသွားရင် ထိုင်နေတဲ့နေရာမှ ချက်ချင်း မထဘဲ မိနစ်အနည်းငယ်လောက် အနားယူပြီး မုန့်တစ်ခုခုစားပါ။ ရေဓာတ်ပြန်လည် ဖြည့်စွက်ဖို့ ရေ (၄) ဖန်ခွက် ပြန်သောက်ပေးရပါမယ်။ သွေးဖောက်ထားတဲ့ နေရာကို အနာကပ်ပလာစတာ (သို့) ပတ်တီးဖြင့် (၅) နာရီ စည်းထားပါ။ ပတ်တီးဖြည်လိုက်လို့ သွေးထွက်နေသေးရင်တော့ လက်မောင်းကို (၅) မိနစ်၊ (၁၀) မိနစ်လောက် တန်းတန်းထားပေးရပါမယ်။ သွေးခြေဥနေလျှင် (၂၄)နာရီအတွင်း ရေခဲကပ်နိုင်ပါတယ်။ ခေါင်းမူးလာလျှင် လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး ပျောက်သည်အထိ ထိုင်နေ၊လှဲနေပေးပါ။
🥤 အရက်က ရေဓာတ်ကိုပိုခမ်းခြောက်စေတဲ့အတွက် သွေးလှူပြီး (၂၄) နာရီအတွင်း အရက်မသောက်သင့်ပါ။ သံဓာတ်ကြွယ်ဝသော အစားအစာတွေကို များများစားပေးပါ။ မကြာခဏ သွေးလှူဖို့ရှိလျှင် သံဓာတ်ပြန်လည်ဖြည့်တင်းနိုင်ဖို့ သံဓာတ်အားဆေးကို ဖြည့်စွက်သုံးစွဲပေးသင့်ပါတယ်။
မိတ်ဆွေတို့ သွေးလှူဒါန်းထားကြောင်းကို လူမှုကွန်ယက်ပေါ်မှာ မျှဝေပြီး တခြားသူများလည်း သွေးလှူချင်လာအောင် တိုက်တွန်းနှိုးဆော်ရင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါတယ်…💜