💧 မျက်ရည်တု မျက်စဉ်းများအကြောင်း
💧 Artificial tears ခေါ် မျက်ရည်တုမျက်စဉ်းများကို မျက်ရည်ခန်းခြောက်ခြင်းအတွက် အသုံးပြုကြပါတယ်။ မျက်ရည်ခန်းခြောက်သည့်အခါ မျက်လုံးအောင့်ခြင်း၊ ယားခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း၊ မျက်သားနီခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ ❗️ အသက်အရွယ် ရလာခြင်း၊ အမျိုးသမီးများတွင် ဟော်မုန်းပြောင်းလဲခြင်း၊ ဗီတာမင်အေ ချို့တဲ့ခြင်း၊ ဖုန်း ကွန်ပျူတာ အကြည့်များခြင်းတို့က မျက်ရည်ခန်းခြောက်စေပါတယ်။
✅ မျက်ရည်တု မျက်စဉ်းများက မျက်လုံးထဲမှာ ချောဆီသဖွယ် လုပ်ဆောင်ပေးတာကြောင့် မျက်ရည်ခန်းခြောက်ခြင်းကို သက်သာစေပါတယ်။ ဈေးကွက်ထဲတွင် preservative ခေါ် တာရှည်ခံဓာတုဆေးဝါး ပါသော မျက်ရည်တုနှင့် မပါသော မျက်ရည်တုဟူ၍ မျက်ရည်တု ၂ မျိုး ရှိပါတယ်။ ⭕️ မျက်ရည်ခန်းခြောက်တာ ပြင်းထန်ပြီး ၁နေ့ ၄ကြိမ်နှင့်အထက် မျက်ရည်တု ခတ်ဖို့ လိုမယ်ဆိုရင်တော့ preservative မပါတာက ပို၍ သင့်တော်ပါတယ်။ သို့သော် Preservative က ဘက်တီးရီးယားနဲ့ မှိုပိုးများ မပေါက်အောင် ကာကွယ်ပေးတာ ဖြစ်တဲ့အတွက် Preservative မပါတာကို သုံးမယ်ဆိုရင်တော့ ဖွင့်ပြီး ၂၄ နာရီအတွင်းပဲ သုံးပေးရမှာ ဖြစ်ပါတယ်။
🔵 မျက်စဉ်းအများစုမှာ ရေလို အရောင်မရှိတာ များသလို နို့ရည်အရောင်ရှိတဲ့ မျက်စဉ်း (ophthalmic emulsion) တွေလည်း ရှိပါတယ်။ နို့ရည်မျက်စဉ်းတွေမှာဆိုရင် ရေဓာတ်နဲ့ အဆီဓာတ် ပါဝင်ပါတယ်။ အဆီအနေနဲ့ castor oil, mineral oil တို့ အသုံးများပါတယ်။ ပုံမှန်မျက်စဉ်းတွေမှာက အဆီမပါဘဲ ရေပဲ ပါတာဖြစ်တဲ့အတွက် မျက်လုံးအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ပိုပေးနိုင်သော်လည်း အငွေ့ပျံတာ မြန်တဲ့အတွက် အာနိသင်ခဏပဲ ပေးနိုင်ပါတယ်။ နို့ရည်မျက်စဉ်းတွေမှာတော့ သူ့မှာ ပါဝင်တဲ့ ရေဓာတ်က အစိုဓာတ်ကို ဖြည့်ပေးပြီး အဆီဓာတ်က မြန်မြန်အငွေ့ပျံ့မသွားစေဖို့ ထိန်းပေးပါတယ်။ ဒါကြောင့် ပုံမှန်မျက်စဉ်းတွေထက် နို့ရည်မျက်စဉ်းမျိုးက မျက်ကြည်လွှာပေါ်မှာ အချိန်ကြာကြာရှိနေနိုင်ပြီး အာနိသင် ကြာကြာပေးစွမ်းမှာ ဖြစ်ပါတယ်။
☑️ ရေထဲမှာ ပျော်ဝင်မှု အားနည်းတဲ့ ဆေးတွေကို နို့ရည်မျက်စဉ်း အနေနဲ့ ထုတ်လုပ်ကြပါတယ်။ ဈေးကွက်ထဲမှာဆိုရင် မျက်သားခြောက်ရင် ခတ်ရတဲ့ မျက်စဉ်းနဲ့ မျက်စိ surgery လုပ်ပြီး အရောင်ကျဖို့ ခတ်ရတဲ့ မျက်စဉ်းတွေကို နို့ရည်မျက်စဉ်းပုံစံမျိုး တွေ့ရနိုင်ပါတယ်။
*️⃣ မည်သည့်မျက်စဉ်းမျိုးကိုမဆို မခတ်ခင် လက်ကို သန့်စင်အောင် သေချာဆေးကြောပြီးမှ ဖွင့်ပြီး ခတ်ရပါမယ်။ နို့ရည်မျက်စဉ်းပုံစံ ဖြစ်ပါက မဖွင့်ခင် tube ဘူးလေးကို လှုပ်ပေးရပါမယ်။ ဘူးထိပ်ဝကို မျက်စိ (သို့) တခြားအရာတွေနဲ့ မထိမိအောင် ဂရုစိုက်ရပါမယ်။ အပူချိန် 30°C ထက်မပိုတဲ့ အေး၍ ခြောက်သွေ့တဲ့နေရာ၊ နေရောင်မကျတဲ့ နေရာမှာ သိမ်းဆည်းပေးရပါမယ်။