😵 ကားမူးတတ်သူတွေအတွက်

😣 ကားမူးမှာ ကြောက်လို့ ဘယ်ခရီးမှ မသွားရဲတဲ့သူတွေ၊ မဖြစ်မနေ ကားစီးရတော့လည်း မူးတတ်လွန်းလို့ အိမ်ကိုပဲ မြန်မြန်ပြန်ရောက်ချင်နေတဲ့သူတွေအတွက် အသုံးဝင်မယ့် ကားမူးသက်သာစေမယ့် နည်းလမ်းလေးတွေကို မျှဝေပါရစေရှင့်။

🧠 လူကထိုင်နေပေမယ့် ဘေးပတ်လည်က ရွေ့နေတာကြောင့် ဦးနှောက်ကို သတင်းပို့တဲ့ အာရုံကြောများကြားမှာ ပဋိပက္ခဖြစ်ပြီး ဦးနှောက်ဟာ ရောထွေးနေသော အချက်ပြမှုများကို နားမလည်နိုင်တော့တာကြောင့် မူးဝေခြင်းကို ခံစားရတာ ဖြစ်ပါတယ်။ မည်သူမဆို ကားမူးနိုင်ပေမယ့် ကလေးများနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ပိုဖြစ်တတ်ပါတယ်။

🤢 ကားမူးတာက အချိန်ခဏလေးအတွင်းမှာ ဖြစ်သွားနိုင်ပြီး အရင်ဆုံး ချွေးစေးတွေပြန်ကာ အန်ချင်လာတာ ဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ မူးဝေခြင်း၊ တံတွေးများထွက်လာခြင်း၊ အစာမစားနိုင်ခြင်း၊ အသားအရေ ဖျော့တော့ခြင်းတို့ ဖြစ်ပါတယ်။ တစ်ချို့မှာ ခေါင်းကိုက်ခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းတွေပါ ဖြစ်တတ်ပါတယ်။

ကားမမူးအောင် ကာကွယ်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့

✔️ · ကားမစီးခင် ကောင်းကောင်း အနားယူပါ။

✔️· ကားမစီးခင် အစာကြေလွယ်တာ တစ်ခုခုစားထားပါ။

✔️· ကားမူးပျောက်ဆေး Dimenhydrinate ကို ကားမစီးခင် နာရီဝက် ကြိုသောက်ပါ။ ကားစီးရမယ့် အချိန်ကြာရင် (၄) နာရီခြား တစ်ခါ ပြန်သောက်ပေးပါ။

✔️· အရက်၊ ဆေးလိပ်နဲ့ အစာကြေဖို့မလွယ်တဲ့ အစားအစာတွေကို ရှောင်ပါ။

✔️· မူးတာကို သက်သာစေတဲ့ ဂျင်း၊ ပူရှိန်းချိုချဉ်လေးတွေ ဆောင်သွားပါ။

✔️· ဖြစ်နိုင်ရင် ကားလှုပ်တာ သက်သာတဲ့ အရှေ့ခုံမှာထိုင်ပါ။

✔️· လေကောင်းလေသန့်ရှူလို့ရအောင် ကားပြတင်းပေါက်ဖွင့်ထားပါ။

✔️· ဖုန်းကြည့်တာ၊ စာအုပ်ဖတ်တာမျိုးလည်း မလုပ်ရပါ။

✔️· အသက်ပြင်းပြင်းရှူပေးပါ။

✔️· အာရုံပြောင်းသွားအောင် နံပါတ် (၁၀၀) ကနေ (၁) ထိ ဂဏန်းတွေကို နောက်ပြန်ရေတွက်နေပါ။

✔️· ဘေးကို မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ မျက်လုံးမှိတ်ထားတာကလည်း ကားမမူးအောင် အထောက်အကူပြုပါတယ်။

🔸 လူအများစုကတော့ ကားပေါ်ကဆင်းပြီး ခဏကြာရင် လက္ခဏာတွေ သက်သာသွားတတ်ပါတယ်။ အကယ်၍ မသက်သာဘဲ အဆက်မပြတ်အန်တာမျိုး၊ နားမကြားရတော့တာမျိုး၊ ရင်ဘတ်အောင့်တာမျိုးတွေအထိ ဖြစ်လာပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်ရှင့်။

Leave a Comment