⭕️ လေးဆယ်ကျော် ကျန်းမာရေး
🙏 ကျန်းမာရေး ကောင်းမွန်ခြင်းဟာ လာဘ်ကြီးတစ်ပါးပဲ ဖြစ်ပါတယ်။ ဇီဝကချစ်သူတို့အနေနဲ့ အသက် (၄၀) အထိ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာ မကြုံခဲ့ရတာမျိုး ဖြစ်နိုင်ပါတယ်။ အသက် (၄၀) ကျော်လာတဲ့ အခါမှာလည်း အရင်ကလို ဆက်လက်ပြီး ကျန်းမာနုပျိုနေစေဖို့အတွက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အသက် (၄၀) ကျော်တဲ့အခါ သတိပြုပေးသင့်တဲ့ ကျန်းမာရေး ပြဿနာများကို ဇီဝကမှ ချစ်ခြင်းအားဖြင့် မျှဝေပါရစေရှင့်
❗️ ဆီးမထိန်းနိုင်ခြင်း
အသက်ရလာတာနဲ့အမျှ ဆီးအိတ်ကို အကူအညီပြုတဲ့ အာရုံကြောတွေက ကောင်းစွာ အလုပ်မလုပ်တော့ပါ။ ပြီးတော့ ဆီးအိတ်မှာရှိတဲ့ ကြွက်သားတွေက အသက်နဲ့အလိုက် ထူလာပြီး စွမ်းရည်လျော့ကျလာပါတယ်။ ဆီးခဏခဏသွားရခြင်း၊ ဆီးမထိန်းနိုင်ခြင်းများ လျော့ကျစေဖို့အတွက် Kegel exercises (တင်ပါးဆုံရိုး အောက်ခြေရှိ ကြွက်သားများကို ပြန်လည်တင်းရင်းစေသည့် လေ့ကျင့်ခန်းများ) လုပ်ပေးသင့်ပါတယ်။
❗️ သွေးမဆုံးခင် အစောပိုင်း လက္ခဏာများ ခံစားရခြင်း
အသက် (၄၀) ကျော်လာတဲ့အခါ တချို့အမျိုးသမီးတွေမှာ သွေးဆုံးချိန်မတိုင်ခင် ခံစားရတဲ့ အစောပိုင်း လက္ခဏာများ ဖြစ်လေ့ရှိပါတယ်။ လက္ခဏာများမှာ ရာသီမမှန်ခြင်း၊ ညဘက်ချွေးစေးများပြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ လိင်စိတ်ဆန္ဒလျော့နည်းလာခြင်း၊ အရိုးများပါးလာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းတို့ ဖြစ်ပါတယ်။ အကယ်၍ အဲ့ဒီလက္ခဏာများက မိမိရဲ့ နေ့စဉ်လူနေမှု ဘဝကိုပါ အခက်တွေ့စေတာမျိုး ဖြစ်လာရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီး ဟော်မုန်းဆေးဖြင့် ကုသမှုများ ခံယူသင့်ပါတယ်။
❗️ ဆီးကျောက်တည်ခြင်း
အသက် (၄၀) ကျော်လာတဲ့အခါမှာ ရေဓာတ်ပိုပြီး ခမ်းခြောက်တာကြောင့် ဆီးကျောက်တည်တတ်ပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပေမယ့် အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ လက္ခဏာများမှာ ခါးနာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ချမ်းတုန်ဖျားခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်ပါတယ်။
ဆီးကျောက်အရွယ်အစား သေးငယ်ပါက ဆီးနှင့်အတူ သူ့အလိုလို ထွက်သွားနိုင်တာကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ကျောက်အရွယ်အစားကြီးပါက ခွဲစိတ်ဖယ်ရှားခြင်းများ လုပ်ဆောင်ရနိုင်ပါတယ်။ ဆီးကျောက်တည်တာအပြင် အသက် (၄၀) နှောင်းပိုင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးကျိတ်ပိုးဝင်ခြင်းများလည်း ဖြစ်လေ့ရှိတာကြောင့် ရေများများသောက်ခြင်း၊ အထိုင်များတဲ့အလုပ်လုပ်ရပါက မကြာခဏ မတ်တတ်ရပ်ပေးခြင်း၊ လိင်ဆက်ဆံပြီးချိန် ဆီးသွားပေးခြင်းတို့ လုပ်ပေးရပါမယ်။
❗️ သွေးတိုးခြင်း
သွေးတိုးက သိသိသာသာ လက္ခဏာ မပြတဲ့အတွက် ပုံမှန် သွေးပေါင်ချိန်တိုင်းပေးမနေဘူးဆိုရင် သွေးတိုးရှိမှန်းမသိ ရှိနေတတ်ပါတယ်။ သွေးတိုးရာမှ ရုတ်တရတ် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် (၄၀) ကျော်လာပြီဆိုရင် သွေးပေါင်ချိန်ကို ပုံမှန် တိုင်းတာပေးသင့်ပါတယ်။ စိတ်ဖိစီးမှုများကို လျှော့ချတာကလည်း သွေးမတိုးအောင် ထိန်းနိုင်ဖို့ရန်အတွက် အရေးပါပါတယ်။ နောက်ထပ် သွေးပေါင်ချိန်ကို ထိန်းပေးနိုင်မယ့် အရေးပါတဲ့ နည်းလမ်းတွေကတော့ အငံလျှော့စားခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများသာ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ ဖြစ်ပါတယ်။
❗️ အရေပြားကင်ဆာ ဖြစ်ခြင်း
(၄၀) ကျော်လာလျှင် အရေပြားကင်ဆာ ဖြစ်နိုင်ချေ များလာပါတယ်။ ဒါကြောင့် နေလောင်ကာ sun screen ကို သေချာ ဂရုစိုက် လိမ်းပေးရပါမယ်။ မိမိမှာ အရင်တည်းကရှိတဲ့ မှဲ့များ ပြောင်းလဲမှု တစ်ခုခု ရှိလာတာမျိုး (သို့) မှဲ့အသစ် ပေါ်လာတာမျိုးများ ရှိပါကလည်း အရေပြား အထူးကု ဆရာဝန်နှင့် ပြသသင့်ပါတယ်။
🔻 နိဂုံးချုပ်ရမည်ဆိုလျှင် အသက် (၄၀) ကျော် အရွယ်သည် များစွာသော ကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ချေ များလာတဲ့ ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တာကြောင့် မိမိကျန်းမာရေးကို စတင် ဂရုစိုက်ရန် အကောင်းဆုံး အချိန်ဖြစ်ပါကြောင်း အကြံပြုလိုက်ပါရစေရှင်…🙏💜