⭕️ အချိန်ကြာကြာ အာနိသင်ရစေသော ဆေးပုံစံကွဲများ ⭕️

💁‍♀️ ဇီဝက ချစ်သူတွေထဲမှာ ဆေးသောက်ပျင်းတဲ့သူ၊ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ ရှိကြလားရှင့်?
ဆေးတွေ ခဏခဏ မသောက်ချင်ပေမယ့် ရောဂါ မပျောက်မှာလည်း စိတ်ပူရပြန်ရော၊
ဒီပြဿနာတွေအတွက် ဈေးကွက်ထဲမှာ ရရှိနိုင်တဲ့ အချိန်ကြာကြာ အာနိသင်ရစေမယ့် ဆေးလေးတွေ အကြောင်းကို ဗဟုသုတရအောင် ပြောပြပါရစေရှင့်

✔️ အချိန်ကြာကြာ အာနိသင်ပေးတဲ့ ဆေးတွေရဲ့ နာမည်နောက်မှာ များသောအားဖြင့် MR, ER, XR, XL, EC, CR, SR စသဖြင့် အတိုကောက်လေးတွေ ပါတတ်ပါတယ်။
တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားချက်တွေကို ရှင်းပြရမယ်ဆိုရင်တော့
Modified Release (MR) ဆိုတဲ့အတိုင်း ပြုပြင်မွမ်းမံထားတဲ့ ဆေးပုံစံဖြစ်ပါတယ်။ သောက်ဆေးအများစုဟာဆိုရင် Intermediate Release (IR) လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားရင် မြန်မြန်ပျော်ဝင်ပြီး အာနိသင်မြန်မြန်ရ၊ မြန်မြန်ကုန်တဲ့ ပုံစံတွေ များပါတယ်။ ထိုကဲ့သို့ IR ပုံစံ ဆေးတွေ သောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင် ငြိမ်နေအောင် ထိန်းထားနိုင်ဖို့အတွက် တစ်နေ့ကို ၃ကြိမ် – ၄ကြိမ်လောက် သောက်ပေးရတာမျိုး ရှိပါတယ်။
MR ပုံစံ ဆေးဝါးတွေရဲ့ အားသာချက်ကတော့ IR ကဲ့သို့ ဆေးသောက် ပြီးပြီးချင်း အာနိသင် မြန်မြန် ကုန်မသွားအောင်၊ တစ်နေကုန် အာနိသင် ရနေအောင် ဖော်စပ်ထားတဲ့အတွက် ဆေးခဏခဏ သောက်စရာမလိုတဲ့ အကျိုးအာနိသင်ကို ပေးစွမ်းပါတယ်။ အဓိကအားဖြင့် ရေရှည်စွဲသောက်ရတဲ့ သွေးတိုးကျဆေး၊ ဆီးချိုကျဆေး၊ နှလုံးဆေးတွေကို MR ပုံစံ ထုတ်လုပ်တာများပါတယ်။ MR ပုံစံဆေးတွေမှာ ER, CR, SR ဆိုပြီး ထပ်မံ ကွဲပြားပါသေးတယ်။

✔️ Extended Release (ER or XR)
ER ဆေးတွေက သောက်ပြီး မကြာခင်မှာ ချက်ချင်း အာနိသင်ပေးတဲ့ IR ဆေးတွေနဲ့ယှဉ်ရင် ဆေးခဏခဏ သောက်ရတာကို ၂ဆ လျှော့ချပေးပါတယ်။ တစ်နေ့ ၃ကြိမ် – ၄ကြိမ် သောက်ရမယ့်အစား ၁ကြိမ် – ၂ကြိမ်ပဲ သောက်ဖို့ လိုအောင် လုပ်ဆောင်ပေးပါတယ်။
✔️ Delayed Release
Delayed Release ဆေးတွေကတော့ သောက်လိုက်တဲ့အခါ ဆေးအာနိသင် ချက်ချင်းမပေးဘဲ အချိန်ကြာမှ ဆေးအာနိသင်ကို ရစေပါတယ်။ ဆေးထွက်တဲ့နှုန်းနဲ့ အာနိသင်ပေးမယ့် နေရာကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ထိရောက်မှု ပိုရှိပြီး ဘေးထွက်ဆိုးကျိုး နည်းစေပါတယ်။ Enteric Coated (EC) ကလည်း Delayed Release ပုံစံဖြစ်ပါတယ်။ ဆေးကို အစာအိမ်ထဲမှာ မပြိုကွဲစေဘဲ အူသိမ်ပိုင်း ရောက်မှသာ ပျော်ဝင်စေတဲ့အတွက် အစာအိမ်ထဲက acid ဓာတ်ကြောင့် ဆေး မပျက်စီးအောင် ကာကွယ်ပေးပြီး အစာအိမ်ကိုလည်း ဆေးကြောင့် မထိခိုက်စေတော့ပါ။
✔️ Controlled Release (CR)
Metabolism ဖြစ်နှုန်း မြန်တဲ့ဆေးတွေကို CR ပုံစံ ထုတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလျောက် သတ်မှတ်ထားတဲ့ ဆေးပမာဏကိုသာ စနစ်တကျ ညီညီမျှမျှ ထွက်စေပါတယ်။ ဆေးပမာဏကို အချိန်တိုင်း တပြေးညီတည်း ဖြစ်နေအောင် ထိန်းထားပေးနိုင်ပါတယ်။ ဘေးဥပဒ်နည်းခြင်း၊ အရည်အသွေးပြည့်ဝခြင်း၊ ယုံကြည်စိတ်ချရခြင်း စသည့် ကောင်းကျိုးများစွာ ရှိပါတယ်။
✔️ Sustained Release (SR)
CR ကဲ့သို့ ဆေးအာနိသင်ကို အချိန်အကြာကြီး ဖြည်းဖြည်းချင်း ပေးပါတယ်။ သို့သော် ထွက်လာတဲ့ ဆေးပမာဏ ကတော့ CR လိုမျိုး အချိန်တိုင်း တပြေးညီထွက်အောင် ထိန်းမထားနိုင်ပါ။ များသောအားဖြင့် SR ပုံစံမှာ သောက်ဆေးတွေပဲ ရှိပေမယ့် CR ကတော့ သောက်ဆေးအပြင် အရေးပြားပေါ်တွင် ကပ်ရသည့်ပုံစံနဲ့ တခြားပုံစံတွေလည်း လာတာကို တွေ့ရပါတယ်။
♦️ အထက်တွင် ရှင်းပြခဲ့တဲ့ modified release ပုံစံ ဆေးဝါးတွေရဲ့ အားနည်းချက်တွေကတော့ ဆေးလုံးအရွယ်အစားက ပုံမှန်ထက် ပိုကြီးနိုင်လို့ မျိုရခက်စေပါတယ်။ ဈေးပိုကြီးနိုင်ပါတယ်။ ညွှန်ကြားထားတာထက် ပိုသောက်မိလိုက်တဲ့ အခြေအနေမျိုးမှာဆိုရင် ခန္ဓာကိုယ်ထဲကနေ လွယ်လွယ်ကုန်မသွားပဲ ကျန်နေတာမျိုး ဖြစ်နိုင်ပါတယ်။
♦️ Modified release ဆေးတွေကို သောက်ရင် သတိထားရမှာကတော့ ဝါးစားခြင်း၊ ချိုးသောက်ခြင်း၊ ခြမ်းသောက်ခြင်းများ လုပ်မိပါက ဆေးတွေ မြန်မြန်ထွက်လာပြီး လိုတာထက် ပိုပြင်းသွားနိုင်လို့ အန္တရာယ် ရှိနိုင်ပါတယ်။ အာနိသင်ပေးချင်တဲ့ နေရာအထိလည်း မသွားနိုင်တော့တာကြောင့် ရောဂါမသက်သာတာမျိုး ဖြစ်တတ်ပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင် MR ဆေးတွေဟာ မကြာခဏ ဆေးမသောက်ချင်သူတွေ၊ ဆေးသောက်ဖို့ မေ့တတ်တဲ့သူတွေအတွက် အင်မတန် အသုံးဝင်သော တီထွင်မှု တစ်ခု ဖြစ်သလို မှန်မှန်ကန်ကန် သောက်သုံးပါက ရောဂါဝေဒနာများကိုလည်း အထိရောက်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင့်…💜

Leave a Comment