အမျိုးသားများနှင့် ဆီးကျိတ်ရောဂါ
⚠️ ဆီးကျိတ်ဆိုတာ အမျိုးသားများ၏ မျိုးပွားအင်္ဂါ အဖွဲ့အစည်းတွင် ပါဝင်သော
သုတ်ရည်ကြည် ထုတ်ပေးသည့် သစ်ကြားသီးဆိုဒ်လောက်ရှိတဲ့ gland ဖြစ်ပါတယ်။ ဆီးအိတ်ရဲ့
အောက်ခြေ၊ ဆီးပြွန်ရဲ့ ဘေးပတ်လည်တွင် တည်ရှိပါတယ်။ အသက်ကြီးလာတာနှင့်အမျှ
ဆီးကျိတ်ကလည်း တဖြည်းဖြည်း ပုံမှန်ကြီးလာပါတယ်။
ဆီးကျိတ်ကြီးခြင်းကို ဆေးပညာ အခေါ်အဝေါ်အရ Benign Prostatic Hyperplasia/ Benign
Prostatic Hypertropyhy (BPH) ဟုခေါ်ဆိုပါတယ်။ BPH တွင် ဆီးကျိတ်ကကြီးလာပြီး
ဆီးပြွန်ကိုကျဉ်းသွားစေရာမှ ဆီးလမ်းကြောင်းနှေးသွားခြင်း၊ ပိတ်သွားခြင်းတို့ ဖြစ်စေပါတယ်။
⭕️ BPH ကို အမျိုးသားတွေမှာပဲ တွေ့ရတတ်ပါတယ်။ အသက် (၃၁) နှစ်နှင့် (၄၀) ကြားတွင် ၈
ရာခိုင်နှုန်း ဖြစ်နိုင်ပြီး အသက် (၈၀) ကျော်သွားလျှင် ၈၀ ရာခိုင်နှုန်းက BPH ဖြစ်တတ်ပါတယ်။
မျိုးရိုးလည်း လိုက်တတ်ပါတယ်။ အသက် (၄၅) နှစ် ကျော်လာလျှင် လက္ခဏာတွေ
စပြတတ်ပါတယ်။ BPH ၏ လက္ခဏာများမှာ အထူးသဖြင့် ညဘက်တွင် ဆီးခဏခဏ သွားခြင်း၊
ဆီးကျန်သည်ဟု ခံစားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားရခက်ခြင်းတို့ ဖြစ်ပါတယ်။
BPH ကို သက်သာစေဖို့ ပြုပြင်ပြောင်းလဲသင့်သော နေထိုင်မှု ပုံစံများမှာ
အိပ်ခါနီး/အပြင်သွားခါနီး အရည်များ လျှော့သောက်ပါ၊ ကော်ဖီ၊ အရက်တို့ကိုလည်း
လျှော့သောက်ပါ။ Diphenhydramine, Pseudoephedrine ပါသည့် ဆေးများကို ရှောင်ပါ။
ဆီးသွားပြီးရင် ခဏစောင့်ပြီး ထပ်ပေါက်ကြည့်ပါ။ ညှစ်တော့မပေါက်သင့်ပါ။
✔️ BPH ကို ကုသရာတွင် ဆီးကျိတ်နှင့် ဆီးအိတ်မှာ ရှိသော ကြွက်သားများကို
ပြေလျော့စေသောကြောင့် ဆီးသွားရပိုမိုလွယ်ကူစေသော ဆေးများ၊ ဆီးကျိတ်ဆက်မကြီးအောင်၊
ကျုံ့သွားအောင်လုပ်ပေးသောဆေးများ ရှိပါတယ်။ ထိုဆေးများမှာ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ
သောက်သုံးရသောကြောင့် ဆီးကျိတ်ကြီးခြင်းရောဂါဝေဒနာများကိုခံစားရပါက ဆရာဝန်နှင့်
ပြသရပါတယ်။
✔️ သဘာဝဆေးဖက်ဝင် အပင်များမှ ရရှိတဲ့ Cranberry, Saw Palmetto တို့ကိုလည်း
ဆီးကျိတ်ရောဂါ လက္ခဏာများကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ ထို့အပြင် Zinc,
Omega 3, Vitamin C, Lycopene, Isoflavones တို့ကလည်း ဆီးကျိတ်အတွက် ကောင်းမွန်သော
အာဟာရဓာတ်များ ဖြစ်သောကြောင့် မှီဝဲသင့်ပါတယ်။
ဆီးကျိတ်ကြီးခြင်းကို သက်သာစေပြီး ဆီးကျိတ်ရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့နည်းစေတဲ့
အစားအစာများမှာ နှမ်း၊ ဆော်လမွန်ငါး၊ ပန်းငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ တို့ဖူးတို့
ဖြစ်ပါတယ်။
💁♂️ အမျိုးသားများနှင့် ဆီးကျိတ်ရောဂါဆိုတာ ဒွန်တွဲလျက် ရှိတာကြောင့် မိမိတွင် လက္ခဏာများ
စတင်ခံစားနေရပါက ပိုဆိုးမလာခင် ဆရာဝန်နှင့် ပြသသင့်ကြောင်း တင်ပြလိုက်ရပါတယ်။