🩸 အမျိုးသမီးများနှင့် သွေးဆုံးကိုင် ဝေဒနာ

🔴 သွေးဆုံးခြင်း ဆိုတာ အမျိုးသမီးတိုင်းရဲ့ ဘဝမှာ ကြုံကိုကြုံရတဲ့ သဘာဝအရ ပြောင်းလဲမှု တစ်ခု ဖြစ်ပါတယ်။ သွေးဆုံးခါးနီးပြီဆိုရင် ဓမ္မတာ မမှန်တော့ခြင်း၊ ဓမ္မတာ လာတာများခြင်း စတာတွေ ကြုံတွေ့ရပါတယ်။ အသက် (၄၅) မှ (၅၅) နှစ်ကြား သွေးဆုံးချိန်ကို ရောက်တဲ့အခါ အမျိုးသမီးတွေမှာ estrogen နဲ့ progesterone ဟော်မုန်း ထွက်နှုန်းများ တဖြည်းဖြည်းချင်း နည်းပါးလာပါတယ်။ (၁၂) လ ဆက်တိုက် ဓမ္မတာ လုံးဝ မလာတော့ပါက သွေးဆုံးသွားပြီ ဖြစ်ပါတယ်။

သွေးဆုံးခါနီးမှာ…
🔺 ဓမ္မတာလာချိန်၊ လာသည့် ပမာဏ အမျိုးမျိုး ပြောင်းလဲခြင်း
🔺 ချွေးထွက်ခြင်းနှင့် အတူ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ် နေရာများ ပူခြင်း၊ (ချွေးမထွက်တာမျိုးလည်း ရှိတတ်ပါတယ်)
🔺 ညဘက် ချွေးစီးများထွက်ပြီး အိပ်မပျော်ခြင်း၊ ထို့ကြောင့် အိပ်ရေး မဝခြင်း၊ စိတ်ပင်ပန်းခြင်း
🔺 မိန်းမကိုယ် ခြောက်သွေ့လာခြင်းကြောင့် လိင်ဆက်ဆံသည့်အခါ နာခြင်း
🔺 အရိုးများ ပါးလာခြင်းကြောင့် ခါးကုန်းလာခြင်း၊ အရိုးများ ပွပြီး ကျိုးလွယ်ခြင်း တို့ ကြုံတွေ့ရပါတယ်။

🛑 အမျိုးသမီး အယောက် (၁၀၀) မှာဆိုရင် အယောက် (၂၀) က သွေးဆုံးကိုင် ဝေဒနာတွေ မခံစားရဘဲ အယောက် (၆၀) ကတော့ အနည်းငယ် ခံစားရလေ့ ရှိပါတယ်။ ကျန်တဲ့ အယောက် (၂၀) ကတော့ ပြင်းပြင်းထန်ထန်ကို ခံစားရလေ့ ရှိပါတယ်။

⭕️ ဒီလို သွေးဆုံးကိုင် ဝေဒနာများ သက်သာဖို့အတွက် ဟော်မုန်းဖြင့် ကုသမှု ရှိသလို ဟော်မုန်း မပါတဲ့ ကုသမှုများလည်း ရှိပါတယ်။ ဟော်မုန်းဖြင့် ကုသမှုတွင် estrogen ပါသော သောက်ဆေးများ၊ လိမ်းဆေးများကို အသုံးပြုပါတယ်။ သို့သော် ထိုဟော်မုန်းဆေးတွေကို မသုံးသင့်တဲ့သူတွေလည်း ရှိတာကြောင့် ကျွမ်းကျင်ဆရာဝန်က ညွှန်ကြားမှသာ သုံးရမှာ ဖြစ်ပါတယ်။

🔻 ကံကောင်းထောက်မစွာဖြင့် သွေးဆုံးကိုင် ဝေဒနာတွေဟာ ယာယီပဲ ခံစားရတာ ဖြစ်တဲ့အတွက် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်ခြင်းဖြင့် ဝေဒနာတွေကို ကာကွယ် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

🚫 အဝတ်အစား ဝတ်ဆင်တဲ့အခါ ထူတာ၊ ကျပ်တာတွေအစား ပူလာရင် ချွတ်ရလွယ်အောင် ပါးတာလေးတွေကို အထပ်ထပ် ဝတ်ပေးပါ။ အေးတဲ့နေရာမှာ နေပါ။ အပူ အစပ်တွေ စားတဲ့အခါ၊ အရက်သောက်တဲ့အခါ ဝေဒနာတွေ ပိုခံစားရပါက ထိုအရာတွေကို ရှောင်ပါ။

✅ မိန်းမကိုယ် ခြောက်သွေ့တာ သက်သာအောင် ချောဆီ အသုံးပြုပေးပါ။

✅ အိပ်မပျော်စေတဲ့ ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာတွေကို လျှော့သောက်ပြီး အိပ်ရေးဝအောင် အိပ်ပါ။ ကောင်းကောင်း အနားယူပါ။

✅ အသက်ရှူလေ့ကျင့်ခန်း၊ အကြောလျှော့ လေ့ကျင့်ခန်း၊ တင်ပါးဆုံ လေ့ကျင့်ခန်း (Kegel Exercise) များ ပြုလုပ်ပေးပါ။

✅ အရိုးများ သန်မာဖို့အတွက် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ မှီဝဲပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပိုစားပါ။

✅ ဆေးလိပ်သောက်ခြင်းက မြန်မြန် သွေးဆုံးစေသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးမရှိတဲ့အတွက် ဆေးလိပ်ကိုဖြတ်ပါ။

အခုဆိုရင် အမျိုးသမီးတို့ရဲ့ ဘ၀မှာ ရှောင်လွှဲလို့မရတဲ့ သွေးဆုံးခြင်းနဲ့ ပတ်သက်ပြီး အနည်းငယ်လောက် သိသွားပြီ ဖြစ်တာကြောင့် မိမိအလှည့်ကျရင်လည်း ခံစားရတဲ့ ဝေဒနာတွေ နည်းသထက်နည်းစွာဖြင့် ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်ရှင့်…

Leave a Comment