⭕️ ဆီးလမ်းကြောင်းကို သန့်စင်ပေးမည့် “Cranberry”

🔺 ကရမ်ဘယ်ရီ (Cranberry) ဆိုတာဟာ သေးငယ်ပြီး မာကျောလုံးဝန်းသော အနီရောင်အသီးတစ်မျိုး ဖြစ်ပါတယ်။ အလွန်စူးရှပြီး ချဉ်တဲ့ အရသာကြောင့် အသီးအတိုင်း အစိမ်းစားလေ့ မရှိကြဘဲ ဖျော်ရည်၊ ဆော့စ်၊ အသီးခြောက်အနေဖြင့် ပြုလုပ်စားသုံးကြပါတယ်။ Cranberry အဆီအနှစ်ကို ထုတ်ယူပြီး ဖြည့်စွက်စာအဖြစ်လည်း ထုတ်လုပ်လေ့ရှိပါတယ်။

🧬 ကရမ်ဘယ်ရီမှာ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကတော့ Vitamin C, Vitamin E, Vitamin K1, Manganese နဲ့ Copper တို့ ဖြစ်ပါတယ်။

🧪 ကရမ်ဘယ်ရီမှာပါဝင်သော ဓာတ်တိုးဆန့်ကျင်သတ္တိရှိ Antioxidantတွေကတော့ Quercetin, Myricetin, Ursolic acid, Anthocyanin နဲ့ Proanthocyanidins တို့ ဖြစ်ပါတယ်။ Quercetin နဲ့ Myricetin က ကင်ဆာရောဂါများမှ ကာကွယ်ပေးပြီး Anthocyanin က အကျိတ်ကြီးထွားမှုကို နှေးကွေးစေပါတယ်။ Ursolic acid က ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။ Proanthocyanidins ကတော့ ဆီးလမ်းကြောင်းနံရံကို ဘက်တီးရီးယားများ မတွယ်ကပ်နိုင်အောင် ကာကွယ်ပေးတာကြောင့် ကရမ်ဘယ်ရီက ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

🦠 ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ E.coli လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး လက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ တင်ပါးဆုံတစ်ဝိုက်တွင် တင်းပြီး မသက်မသာဖြစ်ခြင်း၊ ဆီးအနံ့ဆိုးထွက်ခြင်း၊ ဆီးမကြည်လင်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးကျဉ်ဆီးအောင့်ခြင်းနှင့် ဆီးထဲ သွေးပါခြင်းတို့ ဖြစ်ပါတယ်။

🔺 ကရမ်ဘယ်ရီက ဆီးလမ်းကြောင်းကို သန့်စင်ပေးတဲ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ LDL ကိုလက်စထရောများကို လျော့ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စထရောများကို များစေတာကြောင့် နှလုံးနှင့် သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ လျော့ကျစေပါတယ်။

🔺 H.pylori ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာတို့မှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကရမ်ဘယ်ရီက သွားများကို ပျက်စီးစေတဲ့ ဘက်တီးရီးယားများရန်မှ ကာကွယ်ပေးနိုင်တာကြောင့် သွားနှင့် သွားဖုံးရောဂါများမှ ကင်းဝေးစေနိုင်ပါသေးတယ်။

‼️ ဒါပေမယ့် ကရမ်ဘယ်ရီမှာ Vitamin K ပါဝင်တဲ့အတွက် Warfarin လို သွေးကျဲဆေးများရဲ့ အာနိသင်ကို နှောင့်ယှက်တဲ့အတွက် Warfarin သောက်ရသူများကတော့ ဂရုစိုက်ပေးသင့်ပါတယ်။ Aspirin Allergy ရှိသူတို့က ကရမ်ဘယ်ရီနဲ့လည်း ဓာတ်မတည့်ဖြစ်တတ်တာကြောင့် အထူးသတိထားရပါမယ်။

အချုပ်အနေဖြင့်ဆိုရသော် ကရမ်ဘယ်ရီဟာ အာဟာရဓာတ်နှင့် Antioxidant များ မြင့်မားစွာပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် စားသုံးပုံအမျိုးမျိုးရှိတဲ့ ကရမ်ဘယ်ရီကို အထူးသဖြင့် အမျိုးသမီးများမှ မှီဝဲသင့်တဲ့ ဖြည့်စွက်စာဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်ရှင်….💜

Leave a Comment