သေသေချာချာ ဘယ်လိုဆေးလိမ်းရမလဲ
ဇီဝကချစ်သူတို့ကို ဒီနေ့မှာတော့ ဆေးဝါးနဲ့ ပတ်သက်ပြီး ဗဟုသုတ တစ်စုံတစ်ရာ ရရှိဖို့ရယ်၊ ကိုယ်တိုင်လည်း အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်ဖို့ လိမ်းဆေးတွေ အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်…🤗
🔺 ဈေးကွက်ထဲမှာ လိမ်းဆေးတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ အရည်ပုံစံ၊ ဂျယ်ပုံစံ၊ ခရင်မ်ပုံစံ၊ ointment ပုံစံ၊ အမှုန့်ပုံစံ စသဖြင့် ရနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးသုံးတော့မယ်ဆိုရင် အနာနဲ့ဆေးတည့်အောင် သေသေချာချာ လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ပြောပြပေးသွားပါမယ်နော်…❣️
- လက်ကို ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးပါ။
- ဆေးလိမ်းမယ့် နေရာကိုလည်း ရေနွေးနွေးနဲ့ သန့်ရှင်းပေးပါ။ ပွန်းပဲ့ဒဏ်ရာဆိုရင်တော့ ဆေးဝါးရည် ( Povidone Iodine Solution ) နဲ့ သန့်ရှင်းပေးပါ။
- ဒဏ်ရာရှိတဲ့နေရာကို ခြောက်အောင်သုတ်ပါ။ ဒါပေမယ့် ခြောက်အောင် အကြာကြီး ပစ်ထားလိုက်တာမျိုး မဟုတ်ဘဲ ခြောက်စပြုတာနဲ့ ဆေးစလိမ်းပါ။
- ဆေးလိမ်းတဲ့အခါ အရေပြားပေါ်က အမွှေးလေးတွေ ပေါက်တဲ့ လားရာအတိုင်း ဆွဲလိမ်းပါ။
- လိမ်းမှာက ဆေးမှုန့်ပုံစံဖြစ်ပြီး မျက်နှာနားကို လိမ်းရမယ်ဆိုရင်တော့ မျက်စိနဲ့တခြားသော ဧရိယာတွေကို မစင်အောင် ဂရုစိုက်ပါ။
- ဆေးလိမ်းပြီးတာနဲ့ လက်ကို သေချာ ပြန်ဆေးပါ။
လိမ်းဆေးသုံးရတဲ့အခါမှာ တစ်မျိုးပဲ လိမ်းရတာလည်း ရှိသလို တစ်မျိုးထက်ပိုပြီး လိမ်းရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ Step by Step လိမ်းရသလို တစ်မျိုးထက်ပိုတဲ့ လိမ်းဆေးတွေကိုရော ဘယ်ဟာအရင် စလိမ်းရမလဲ ဆိုတာ သိရအောင် ဆက်ဖတ်ကြည့်ပေးဦးနော်…
အပေါ်မှာ ပြောခဲ့သလို လိမ်းဆေးအမျိုးအစားတွေဖြစ်တဲ့ အရည်၊ ဂျယ်၊ ခရင်မ်၊ ointment ၊ အမှုန့်စတာတွေ လိမ်းရတော့မယ်ဆိုရင် ဘယ်ဟာက ရေပါဝင်မှု အများဆုံးလဲ ဆိုတာကို အရင်စဉ်းစားရွေးချယ်ပါ။ ရေပါဝင်မှု အများဆုံးကို အရင်လိမ်းမှသာ အရေပြားကနေ မြန်မြန်စုပ်ယူပြီး သူ့အပေါ်ထပ်လိမ်းတဲ့ ဆေးက အရေပြားဆီကို ရောက်မှာ ဖြစ်ပါတယ်။
အရည်အကျဲဆုံးဖြစ်တဲ့
1️⃣ အရက်ပြန်၊ ဆေးဝါရည် စတဲ့ အရည်အမျိုးအစား ( Solution ) တွေကို အရင်ဆုံး လိမ်းရမှာ ဖြစ်ပါတယ်။
2️⃣ ပြီးရင် ဂျယ်(gel) လိမ်းရပါမယ်။
3️⃣ နောက်ထပ် Lotion လိမ်းရပါမယ်။
4️⃣ ခရင်မ်(cream)၊
5️⃣ ointment နဲ့
6️⃣ နောက်ဆုံးမှာ အမှုန့် (powder) လိမ်းရမှာ ဖြစ်ပါတယ်။ တစ်ခုလိမ်းပြီးတိုင်း ၁မိနစ်ခန့် ခြားပြီးမှ နောက်တစ်ခုကို ထပ်လိမ်းပေးသင့်ပါတယ်။
အပေါ်က စနစ်တကျ ဆေးလိမ်းနည်းတွေကို သိထားပြီဆိုရင်တော့ လိမ်းဆေးတွေ သုံးတဲ့အခါ အနာနဲ့ဆေး တည့်ပြီး အကျိုးရှိရှိနဲ့ အာနိသင် ပြည့်ပြည့်၀၀ရရှိနိုင်မှာ ဖြစ်ပါတယ်…💜