❗️ နေပူပူမှာ အပူမရှပ်ရအောင် ❗️

🔆 ပူပြင်းလှတဲ့ နွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်ခြင်းအားဖြင့် ထွက်လာတဲ့ ချွေးများ အငွေ့ပြန်ရာမှ ကိုယ့်ကိုယ်ကို အေးအောင် လုပ်ဆောင်ပေးပါတယ်။ သို့သော် လေ့ကျင့်ခန်း အလုပ်လွန်ရင်ပဲဖြစ်ဖြစ်၊ ရာသီဥတု အလွန်အမင်း ပူပြင်းရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ သဘာဝအလျှောက် အေးအောင် အပူရှိန် လျှော့ချနိုင်စွမ်းက ကျဆင်းသွားပါတယ်။

💢 ထိုအခါ ချွေးထွက်များခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ သွေးခုန်နှုန်းမြန်ခြင်းတို့ ဖြစ်ပေါ်ပြီး အပူရှပ်တတ်ပါတယ်။ အပူရှပ်ရာကနေ ဖျားနာပြီး သတိလစ်မေ့မြောသည်အထိ ဖြစ်သွားပါက အသက်အန္တရာယ်ရှိစေလို့ အပူရှပ်တဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုတာနဲ့ လုပ်လက်စတွေကို ရပ်ထားပြီး အရိပ်ရတဲ့ နေရာ၊ အေးတဲ့နေရာကို ရွှေ့ပြောင်း နားနေခြင်း၊ ရေ (သို့) ဓာတ်ဆားရည် သောက်ခြင်းတို့ လုပ်ဆောင်ရပါမယ်။ ဒါမှ မသက်သာဘူးဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ပြသရပါမယ်။

✅ အပူရှိန်လွန်ကဲခြင်းကြောင့် ဖျားနာပြီး သတိလစ်မေ့မြော သွားပြီဆိုရင် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်တာကြောင့် ရေအေးဖြင့် ရေချိုးပေးခြင်း၊ ရေခဲကပ်ခြင်းများ လုပ်ဆောင်ရပါတယ်။ အတတ်နိုင်ဆုံး မြန်မြန် အပူကျသွားအောင် လုပ်ဆောင်ပေးရပါမယ်။ အပူရှိန်မြင့်တက်ခြင်းက အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေရာမှတစ်ဆင့် အသက်ဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။

🔰 ဒီတော့ ယခုလို ပူပြင်းတဲ့ နွေရာသီမှာ ကျန်းမာရေး မထိခိုက်အောင် နေလို့ရမယ့် အကုန်အကျ သက်သာတဲ့ နည်းလမ်းတွေကို မျှဝေပါရစေ…

⭕️ ရေများများသောက်ပါ၊ ရေမဆာနေရင်တောင် သတိရတာနဲ့ ရေသောက်ပါ၊
⭕️ ချွေးထွက်များတဲ့သူဆို ဓာတ်ဆားရည်သောက်ပါ၊
⭕️ ရေဓာတ်ခမ်းခြောက်စေတဲ့ အချိုရည်၊ ကော်ဖီနဲ့ အရက်ကို ရှောင်ပါ။
⭕️ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်နိုင်ရင် အရိပ်ရတဲ့ နေရာမှာနေပါ၊
⭕️ အပြင်သွားရမယ်ဆိုရင် ဦးထုပ်/ထီးဆောင်းပါ၊ မျက်မှန်တပ်ပါ၊
⭕️ အပြင်မှာ အလုပ်လုပ်ရသူတွေ အနေနဲ့လည်း မနက်ခင်းနဲ့ ညနေခင်းမှာ အလုပ်ပိုလုပ်ပြီး နေ့လည်ခင်းမှာ နားပါ၊
⭕️ ချွေးထွက်တဲ့အခါ အငွေ့ပျံလွယ်စေပြီး အေးမြစေတဲ့ ပွပွချောင်ချောင်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ပါ။
⭕️ (၄) နှစ်အောက် ကလေးငယ်တွေ၊ အသက် (၆၅) နှစ်အထက် လူကြီးတွေနဲ့ နာတာရှည် ရောဂါသည်တွေ အနေနဲ့ အပူရှပ်လွယ်တဲ့အတွက် သူတို့ကို မကြာခဏ စောင့်ကြည့်ပေးပါ။
⭕️ အပူရှိန်လျော့ကျပြီး အေးမြစေဖို့ အဝတ်အေးလေးနဲ့ ရေပတ်တိုက်ပါ၊ ရေအေးအေးလေး ချိုးပါ၊ လည်ပင်း၊ ချိုင်းတို့ကို ရေခဲဝတ်ကပ်ပါ၊
⭕️ ပန်ကာ၊ air con ဖွင့်ထားပါ။
⭕️ နေပူထဲမှာ ကားရပ်ထားတဲ့အခါ ကားထဲက အပူချိန်က (၁၀) မိနစ်တိုင်းမှာ 11 C မြင့်တက်လေ့ရှိပါတယ်၊ ဒါကြောင့် နွေရာသီမှာ ကားထဲမနေခဲ့ဖို့၊ ကလေးတွေကိုလည်း ကားထဲမထားခဲ့ဖို့၊ ကားရပ်ထားချိန် ကလေးတွေ ကားထဲမဝင်နိုင်အောင် သေချာ lock ချထားဖို့ အရေးကြီးပါတယ်။

💠 နောက်ဆုံး အချက်အနေနဲ့ သင်ချစ်ခင် တန်ဖိုးထားရတဲ့ မိသားစုဝင် သူငယ်ချင်းများ အပူရှပ်ခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတ တိုးပွားကာ ပူပြင်းလှတဲ့ နွေရာသီကို ကျန်းကျန်းမာမာ ဖြတ်ကျော်နိုင်ဖို့ ယခုဆောင်းပါးကို မျှဝေလိုက်ကြစို့နော်…💜

Leave a Comment