👁‍🗨 သိကောင်းစရာ မျက်စိရေတိမ်ရောဂါ

❗️ ရေတိမ်ရောဂါဆိုတာ မျက်လုံးမှ ဦးနှောက်ဆီသို့ အချက်ပြမှုတွေ ပို့ပေးနေတဲ့ မျက်လုံးထဲရှိ အာရုံကြောများ ပျက်စီးခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သော မျက်စိရောဂါ ဖြစ်ပါတယ်။ ရောဂါ လက္ခဏာက ဖြည်းဖြည်းချင်းပဲ စဖြစ်တဲ့အတွက် သတိမပြုမိတတ်ပါဘူး။

⭕️ ရေတိမ်ရှိမရှိ သိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ မျက်စိစစ်ဆေးမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ရေတိမ်ကို စောစီးစွာ သိရှိပြီး ကုသမှု ခံယူပါက ပျက်စီးမှုများကို ရပ်တန့်ကာ အမြင်အာရုံ မဆုံးရှုံးအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရေတိမ်အမျိုးအစားတွေ အများကြီးရှိတဲ့ထဲမှာမှ အဖြစ်အများဆုံးကတော့ open-angle glaucoma (ထောင့်ပွင့်ရေတိမ်) ဖြစ်ပါတယ်။

🔺 အပေါ်မှာ ပြောထားတဲ့အတိုင်း အစပိုင်းမှာ လက္ခဏာ မပြပါဘူး။ ဒါကြောင့် ရောဂါရှိတဲ့ လူတစ်ဝက်လောက်က သူတို့မှာ ရေတိမ်ရှိမှန်း သိမနေကြပါ။ ထို့ကြောင့် အချိန်ကြာလာတာနဲ့အမျှ အမြင်အာရုံ စတင် ပျက်စီးလာပါတယ်။ များသောအားဖြင့် နှာခေါင်းနဲ့နီးတဲ့ အပိုင်းက အမြင်အာရုံ အရင်စကွယ်ပါတယ်။ ထိုအချိန်မှာ မကုသဘူးဆိုရင်တော့ နောက်ဆုံးမှာ အမြင်အာရုံ လုံးဝဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

🔴 လူတိုင်းရေတိမ် ဖြစ်နိုင်ပေမယ့် မျိုးရိုးရှိတဲ့ သူတွေ၊ အသက်(၆၀) ကျော် လူကြီးတွေ၊ မျက်လုံးတွင် ဖိအားများသူတွေ၊ ဆီးချိုရှိသူတွေနဲ့ အနီးမှုန်သူတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒီလူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီး မျက်စိစစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးရပါမယ်။ ရေတိမ်ကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း မရှိတာကြောင့် မျက်စိစစ်ဆေးခြင်းကို (၆) လ သို့မဟုတ် (၁) နှစ် တစ်ခါ ပုံမှန်ပြုလုပ်ပေးဖို့က အရေးကြီးပါတယ်။

🔰 ရေတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမပြောနိုင်သေးပေမယ့် ရေတိမ်ဖြစ်တဲ့ သူအများစုမှာ မျက်လုံးအတွင်း ဖိအား များနေတာကို တွေ့ရှိရတဲ့အတွက် ရေတိမ်ကို ဖိအားလျှော့ချခြင်းအားဖြင့် ရောဂါပိုမဆိုးအောင် ကုသလေ့ ရှိပါတယ်။ ရေတိမ်ကို မျက်စဉ်းခတ်ခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ခြင်းများဖြင့် ကုသပါတယ်။ ရေတိမ်က မျက်လုံးတစ်ဖက်တည်းမှာရော၊ နှစ်ဖက်လုံးမှာပါ ဖြစ်တတ်ပါတယ်။

ရေတိမ်နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေကတော့…

✅ ·ရေတိမ်ရှိပြီလို့ သိတာနဲ့ ချက်ချင်းကုသမှု ခံယူဖို့ လိုပါတယ်။

✅ · ဆရာဝန် ညွှန်ကြားထားသည့် ဆေးများကို မမေ့မလျော့ သုံးပေးရပါမယ်။

✅ ·ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာ ခံစားရပါက ဆရာဝန်ကို ချက်ချင်းပြောရပါမယ်။

✅ ·ရက်ချိန်းသေချာ ပြန်ပြရပါမယ်။

✅ ·အမြင်အာရုံ ဆုံးရှုံးမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပြဿနာရှိလာပါက အထောက်အပံ့ပေးနိုင်သည့် ကိရိယာများ အသုံးပြုလို့ ရမရ ဆရာဝန်နှင့် တိုင်ပင်ရပါမယ်။

✅ ·မျိုးရိုးလိုက်တဲ့အတွက် မိသားစုဝင်များ အနေဖြင့်လည်း မိမိမျက်လုံးကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။

ဒီတော့ လူတိုင်းအတွက် အရေးပါတဲ့ အမြင်အာရုံ မဆုံးရှုံးရစေဖို့အတွက် ဖြစ်နိုင်ချေများသူများအနေနဲ့ မျက်စိကို ပုံမှန်စစ်ဆေးပေးသင့်ပြီး ရေတိမ်ရှိပြီလို့ သိတာနဲ့လည်း ရောဂါပိုးမဆိုးသွားဖို့အတွက် ချက်ချင်း ကုသမှု စတင်ခံယူဖို့ အရေးကြီးကြောင်း အခုလို မျှဝေလိုက်ပါတယ်ရှင်…💜

Leave a Comment