❗️ အစာအိမ် ပိုးဝင်ခြင်း ❗️

💢 H.pylori လို့ အတိုကောက်ခေါ်တဲ့ Helicobacter pylori ဆိုတဲ့ ဘက်တီးရီးယားပိုးက အစာအိမ်ကို ကူးစက်တဲ့အခါ အစာအိမ်အတွင်းသား (သို့) အူသိမ်အပေါ်ပိုင်းမှာ အနာနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ တစ်ချို့လူများတွင် အနာကနေ ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ H.pylori ပိုးက ကူးစက်လွယ်တာကြောင့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံပုံ နှစ်ပုံမှာ H.pylori ရှိနေတတ်ပါတယ်။ သို့သော် လူအများစုမှာတော့ ကူးစက်ခံရတဲ့ လက္ခဏာ ပြလေ့ မရှိပါ။

⚠️ H.pylori ပိုးကို ဘယ်ကနေ ကူးစက်ပါသလဲ?
⭕️ မသန့်ရှင်းသော အစားအသောက်၊ ရေ၊ အိုးခွက်ပန်းကန်များမှတစ်ဆင့်၊
⭕️ ပိုးရှိသူ၏ တံတွေး၊ အညစ်အကြေးများမှတစ်ဆင့် ကူးစက်ပါတယ်။

🔴 H.pylori ပိုးသည် ခန္ဓာကိုယ်ထဲကို ရောက်သွားသည့်အခါ အစာအိမ်အတွင်းပိုင်းမှာ ထပ်မံပွားများပါတယ်။ ထိုမှတစ်ဆင့် အစာအိမ်အတွင်းသားတွေကို ပျက်စီးစေကာ အစာအိမ်ထဲရှိ အက်ဆစ်များကလည်း ထိုပျက်စီးသွားသည့် အတွင်းသားများကို တိုက်စားသောကြောင့် အနာဖြစ်လာစေတာပဲ ဖြစ်ပါတယ်။

H.pylori ပိုး ကူးစက်နိုင်ချေကို ပိုများစေတဲ့ အကြောင်းရင်းများမှာ
🔺 လူဦးရေ ထူထပ်ခြင်း
🔺ရေမသန့်ခြင်း
🔺 ပိုးရှိသူနှင့် အနေနီးခြင်း
🔺 ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်ခြင်းတို့ ဖြစ်ပါတယ်။

💥 ရောဂါလက္ခဏာများ
ပိုးရှိနေရုံနဲ့ကတော့ လက္ခဏာမပြသေးပါ။ အစာအိမ်ရောင်ပြီ၊ အနာဖြစ်ပြီဆိုမှပဲ သတိထားမိတတ်ပါတယ်။ အဖြစ်အများဆုံး ပြဿနာကတော့ ဝမ်းဗိုက်မှာ ပူလောင်ပြီး နာကျင်ခြင်း ဖြစ်ပါတယ်။ နာတာက ပေါ်လိုက် ပျောက်လိုက်ဖြစ်တတ်ပြီး အစာမရှိတဲ့အချိန်မှာ ပိုဆိုးတတ်ပါတယ်။ တခြား လက္ခဏာတွေ အနေနဲ့ကတော့ လေချဉ်တက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်းနဲ့ ဝိတ်ကျခြင်းတို့ ဖြစ်ပါတယ်။

🩸 တစ်ခါတစ်ရံ အနာကနေ အစာအိမ်နဲ့ အူထဲကို သွေးယိုတဲ့အခါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဝမ်းထဲသွေးပါလျှင်၊ အသက်ရှူရခက်လျှင်၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လျှင်၊ မူးမော်လျှင်၊ ကော်ဖီရောင်များ အန်လျှင်၊ ပြင်းထန်စွာ ဗိုက်နာလျှင် ချက်ချင်း ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

✔️ အစာအိမ် အနာဖြစ်ရာမှ အစာအိမ်ကင်ဆာကို ဖြစ်စေနိုင်တာကြောင့် H.pylori ပိုး ရှိနေတယ်ဆိုရင် သေချာ ဆေးကုသမှု ခံယူသင့်ပါတယ်။ H. pylori ကြောင့် ဖြစ်တဲ့ အစာအိမ်အနာကို ပိုးသတ်ဆေးနဲ့ PPI အစာအိမ်ဆေးများကို သုံးပြီး ကုသပါတယ်။ ထိုအခါ အနာတွေက ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ ပျောက်ကင်းလေ့ရှိပါတယ်။ ဆေးသောက်တာ ရက်ပြည့်သွားပြီဆိုရင် ပိုးရှိမရှိကို ထပ်မံစစ်ဆေးရပြီး ပိုးရှိနေသေးပါက ဆေး နောက်တစ်ကျော့ ထပ်သောက်ရဖို့ ရှိပါတယ်။

🚫 Ibuprofen, Aspirin, Naproxen လို NSAIDs အုပ်စုဝင် အကိုက်အခဲ ပျောက်ဆေးတွေက အစာအိမ် အတွင်းသားတွေကို ပျက်စီးစေတာကြောင့် အစာအိမ်အနာရှိသူများ မသောက်သင့်ပါ။

H.pylori ပိုး မကူးစက်အောင် ကာကွယ်ဖို့ဆိုရင်
✅ အိမ်သာတက်ပြီးချိန်နဲ့ အစားအစာ ပြင်ဆင်ချိန်မှာ လက်ကို ပြောင်စင်အောင် ဆေးပါ။
✅ မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကို မစားမသောက်မိအောင် ရှောင်ပါ။
✅ သေချာ ကျက်အောင် ချက်ထားတဲ့ အစားအစာတွေပဲ စားပါ။

🔎 နိဂုံးချုပ်ရမယ်ဆိုရင် H.pylori က သန့်ရှင်းရေး အားနည်းတာကြောင့်ဖြစ်လို့ အစားအသောက် စားတဲ့အခါ သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ အတတ်နိုင်ဆုံး ရွေးချယ်စားသုံးမယ်ဆိုရင် ပိုးကူးစက်ခြင်း မခံရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Comment