🎊 နှစ်သစ်ကို ကျန်းမာစွာ ကြိုဆိုနိုင်ဖို့ရာ

🌨 မကြာခင် အချိန်အတွင်းမှာ နှစ်သစ်ကူးတော့မှာဖြစ်သလို ရာသီဥတုကလည်း အအေးဓာတ် ပိုတိုးလို့ လာပါပြီ။ ဒီရာသီမှာဆိုရင် အအေးမိဖျားနာ၊ နှာစေး၊ ချောင်းဆိုး စတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းဥတုမှာ ခန္ဓာကိုယ် ကျန်းမာဖို့၊ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ အသုံးဝင်မယ့် နည်းလမ်းများကို ဇီဝကမှ မျှဝေလိုက်ပါတယ်ရှင့်။

🤲 လက်ကို မကြာခဏ ဆေးကြောသန့်စင်ပေးပါ။ အစာမစားခင်၊ မသန့်ရှင်းတဲ့ အရာတွေ ကိုင်တွယ်ပြီးတိုင်း၊ သန့်စင်ခန်းမှ ထွက်လာတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ကလေးငယ်တွေကိုလည်း အပြင်က ပြန်လာတိုင်း လက်ဆေးတတ်အောင် သင်ပြပေးပါ။

🚰 နွေရာသီမှာ ပူတာကြောင့်ရော၊ ချွေးထွက်တာကြောင့်ရော ရေခဏခဏသောက်ဖြစ်ပေမယ့် ဆောင်းရာသီမှာတော့ ရေသောက်နည်းတတ်ပါတယ်။ ဘယ်ရာသီမှာမဆို ရေဓာတ်ပြည့်ဝဖို့ အရေးကြီးတာကြောင့် ဆောင်းတွင်းမှာလည်း ရေမဆာပေမယ့် ပုံမှန် သောက်သုံးပေးခြင်းက နေမကောင်းခြင်းမှ ရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ရေသောက်ဖို့ မမေ့အောင် ရေဘူးကို အနီးအနားမှာ မြင်သာအောင် ထားသင့်ပါတယ်။
🥜 ဗာဒံစေ့၊ သစ်ကြားသီး၊ သီဟိုဠ်စေ့တွေက သဘာဝအတိုင်း ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဆောင်းတွင်းမှာ ဒီလို အသီးခြောက်လေးတွေ စားပေးခြင်းက အာဟာရဓာတ်များ မြင့်မားစွာ ရရှိစေပါတယ်။

🍠 ရာသီပေါ် ခါချက်ဥ၊ မုန်လာဥဖြူ၊ ကန်စွန်းဥတွေမှာ complex carbohydrates တွေပါလို့ စားလိုက်ရင် ဗိုက်ပြည့်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ထိန်းပြီးသားဖြစ်သလို သွေးတွင်းသကြားဓာတ် ဆောင့်တက်မသွားအောင်လည်း ကာကွယ်ပေးပါတယ်။ရာသီပေါ် အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဇီးဖြူသီး၊ သင်္ဘောသီး၊ ကီဝီသီးတွေက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်။

🥦 အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ ဗီတာမင် A,C,K အပြင် တခြားအာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် အရိုးကို ကျန်းမာစေရုံသာမက ဆောင်းရာသီမှာ အသားမခြောက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
🐟 ငါးနဲ့ အစေ့အဆံတွေကနေ ရနိုင်တဲ့ Omega 3 က စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး အဆစ်တွေ နာကျင် တောင့်တင်းခြင်းကိုလည်း သက်သာစေပါတယ်။ 🧄 နနွင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက ရောင်ရမ်းမှုတွေကို လျော့ကျစေသလို အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

🏃 ဆောင်းတွင်းမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တာက ပုံမှန်ဆိုပေမယ့် အိမ်ထဲမှာပဲ ယောဂကျင့်ခြင်း၊ အေရိုးဗစ် ကစားခြင်း၊ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများကို တစ်နေ့လျှင် မိနစ် ၂၀ – ၃၀ လောက် ပြုလုပ်ပေးသင့်ပါတယ်။ ဆောင်းတွင်းမှာ အသားအရေ မွဲခြောက်တတ်လို့ အရည်အသွေးကောင်းတဲ့ moisturizer, sunscreen တို့ကို သုံးပေးသင့်ပါတယ်။ နှင်းခူရှိတဲ့သူတွေက ပိုအရေးကြီးပါတယ်။ အသားအရေ သာမက နှုတ်ခမ်းသားလေး ခြောက်သွေ့မနေအောင်လည်း ဂရုစိုက်သင့်ပါတယ်။
💤 ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်ခြင်းက နေ့ခင်းမှာ လန်းဆန်းတက်ကြွစေသလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဆောင်းတွင်းမှာ မနက်နေမြင့်သည်အထိ မအိပ်မိအောင်လည်း ဂရုစိုက်ရပါမယ်။ နောက်ဆုံးအချက်အနေနဲ့ ဆောင်းရာသီမှာ စိတ်ချစွာ နေနိုင်ဖို့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးကို အပြင်ထွက်မယ့်သူတွေ၊ လူအများကြီးနဲ့ တွေ့ဆုံမယ့်သူတွေအတွက် ပို၍ လိုအပ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ရှင့်…💜

Leave a Comment