အသည်း အဆီဖုံးခြင်း

အသည်းတွင် အဆီပိုများ ရှိနေခြင်းကို အသည်း အဆီဖုံးခြင်းလို့ ခေါ်ဆိုပါတယ်။ အသည်းအဆီဖုံးခြင်းက များသောအားဖြင့် လက္ခဏာ မပြတတ်ဘဲ လူအချို့မှာသာ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းဗိုက်အပေါ် ညာဘက်ခြမ်းတွင် နာကျင်ခြင်းများ ခံစားရတတ်ပါတယ်။
အရက်အလွန်အကျွံသောက်ခြင်းဟာ အသည်း အဆီဖုံးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း တစ်ရပ်ပါ။ အသည်းအဆီဖုံးတဲ့အခါ အသည်းက ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့အတွက် ခဲယဉ်းလာပါတော့တယ်။
အသည်းအဆီဖုံးခြင်းမှာ အဓိက အမျိုးအစား (၂) မျိုး ရှိပါတယ်။
Nonalcoholic fatty liver disease (NAFLD) – အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်းနှင့်
Alcohol-related fatty liver disease (ALD) – အရက်ကြောင့် အသည်းအဆီဖုံးခြင်းတို့ ဖြစ်ပါတယ်။
NAFLD ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိသော်လည်း အဝလွန်ခြင်းနှင့် ဆီးချိုရှိခြင်းတို့က အဖြစ်များစေသည့် အကြောင်းရင်းတွေ ဖြစ်ပါတယ်။
NAFLD ကို နှစ်မျိုးထပ်ခွဲပါတယ်။ ပထမတစ်မျိုးမှာ အသည်းအဆီဖုံးနေသော်လည်း အသည်းရောင်ခြင်း၊ အသည်းဆဲလ်များ ပျက်စီးခြင်းမရှိသော Simple fatty liver နှင့် ဒုတိယတစ်မျိုးမှာ အသည်းအဆီဖုံးရာမှတဆင့် အသည်းရောင်၊ အသည်းခြောက်သည်အထိ ဖြစ်စေသော Nonalcoholic steatohepatitis (NASH) ဟူ၍ ဖြစ်ပါတယ်။
ALD ကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်၍ အရက်သာ ဖြတ်လိုက်မယ်ဆိုရင် ပျောက်ကင်းနိုင်သလို အရက်ဆက်သောက်နေမယ်ဆိုရင်တော့ အသည်းကြီးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းတို့အထိပါ ဖြစ်လာနိုင်ပါတယ်။ အသည်းခြောက်သည့်အခါ ဝမ်းဗိုက်ဖောရောင်ခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခနာကိုယ်တွင်း သွေးယိုခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သရက်ရွက်ကြီးခြင်း၊ နောက်ဆုံးတွင် အသည်းလုံး၀ ပျက်စီးသွားပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အရက်သောက်သည့်အပြင် အဝလွန်ခြင်း၊ အာဟာရဓာတ်လည်း ချို့တဲ့ခြင်း၊ အသည်းရောင် အသားဝါ စီပိုးရှိခြင်းတို့ပါ တွဲနေပါက အသည်းအဆီဖုံးနိုင်ချေ ပိုများပါတယ်။
အသည်းအဆီဖုံးတဲ့အခါ ပြောင်းလဲရမည့် နေထိုင်မှုပုံစံတွေကတော့
တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့် လေ့ကျင့်ခန်းလုပ်ပါ။
အသည်းကို ဝန်ပိစေတဲ့ အရက်သောက်ခြင်း၊ ဆေးဝါးများ လိုအပ်တာထက် ပိုသောက်သုံးခြင်းကို ရှောင်ပါ။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများ စားသုံးပါ။ အဆီနဲ့ အချိုများတဲ့ အစားအစာတွေကို ထိန်းစားပါ။
ဆီးချိုရှိလျှင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ပေးပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။
အသည်း အဆီဖုံးခြင်းကို ကာကွယ်ဖို့အတွက်
အရက်လျှော့သောက်ပါ။
အသည်းရောင် အသားဝါစီပိုး မကူးစက်အောင် နေပါ။
အရက်နှင့် ဆေး တွဲသောက်ခြင်းကို ရှောင်ပါ။
ကံကောင်းထောက်မစွာဖြင့် အသည်း အဆီဖုံးခြင်းသည် ကျန်းမာသော လူနေမှု ဘဝပုံစံသို့ ပြောင်းလဲနေထိုင်ခြင်းဖြင့် ကာကွယ်ထိန်းချုပ်နိုင်တာကြောင့် အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာကျင့်သုံးကျရန် မျှဝေတိုက်တွန်းအပ်ပါတယ်ရှင်။

Leave a Comment