ဆေးလိပ်သောက်သူများ သတိထားစရာ အဆုတ်ကင်ဆာ

            ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာတွင် ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်စေသည့် အကြီးမားဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရှိ ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာအမျိုးအစား အနည်းဆုံး (၁၅) မျိုးလောက်ထိကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ရတဲ့ (၉၀) ရာခိုင်နှုန်းကလည်း ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပါတယ်။

           အဆုတ်ကင်ဆာသည် အဆုတ်ထဲတွင် ပုံမှန်မဟုတ်သော ဆဲလ်များ ပွားများလာမှုကို မထိန်းချုပ်နိုင်တော့ဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သော ကင်ဆာ အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ ချောင်းဆိုးမပြတ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အကြောင်းရင်းမရှိ ဝိတ်ကျခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

            အဆုတ်ကင်ဆာကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဆေးလိပ်မသောက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် ဆေးလိပ်သောက်ခြင်းအပြင် ဆေးလိပ်ငွေ့ရှူမိခြင်း၊ လေထုမသန့်ရှင်းခြင်း၊ လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများအား နေ့စဉ် ရှူမိနေရခြင်းတို့ကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို များစေပါတယ်။

            ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် သလိပ်ပိုထွက်ပြီး အသက်ရှူလမ်းကြောင်းကနေ သလိပ်တွေကို ရှင်းထုတ်နိုင်မှုစွမ်းရည်ကလည်း ကျဆင်းနေတတ်ပါတယ်။ ချွဲတွေနဲ့ ဆေးလိပ်ကထွက်တဲ့ အဆိပ်အတောက်တွေ ပေါင်းသွားပြီး အဆုတ်ထဲမှာ ပိတ်မိကာ လေဝင်လေထွက် လဲလှယ်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဆေးလိပ်ကထွက်တဲ့ အဆိပ်တွေက အသက်ရှူလမ်းကြောင်းကို ကျဉ်းစေပြီး ရှူသွင်းရှူထုတ်လိုက်သည့် လေများ စီးဆင်းမှုကို ပိတ်ဆို့ကာ အသက်ရှူသည့်အခါ အက်ကွဲသံနှင့် ဟောက်သံတို့ကို ထွက်စေပြီး အသက်ရှူရခက်စေပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်နိုင်ချေ ပိုများပြီး တီဘီရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါတို့လည်း ပိုပြီးအဖြစ်များပါတယ်။

            အဆုတ်ကင်ဆာကို ကာကွယ်ရေးနည်းလမ်းများတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ဆိုပြီး ရှိပါတယ်။ ပထမအဆင့်တွင် ဆေးလိပ်ဖြတ်ခြင်း၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်များ ဖန်တီးခြင်း၊ ဆေးရွက်ကြီး ထိန်းချုပ်ရေး မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လေထုညစ်ညမ်းမှု လျှော့ချခြင်းများ ပါဝင်ပါတယ်။

            ဒုတိယအဆင့် ကာကွယ်ရေး နည်းလမ်းတွင် လက္ခဏာတွေ စမပေါ်ခင် ရောဂါနုစဉ်ကတည်းက သိနိုင်အောင် ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ သို့မှသာ စောစီးစွာ ကုသမှု ခံယူခြင်းဖြင့် အဆုတ်ကင်ဆာ ပိုဆိုးမလာအောင်၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပျံ့မသွားအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

            အဆုတ်ကင်ဆာ ကုသနည်းများတွင်…

  • ခွဲစိတ်ခြင်း
  • ဓာတ်ရောင်ခြည်ကုထုံး
  • ကင်ဆာဆေးသွင်းခြင်း
  • ကင်ဆာဆဲလ်ကို ဦးတည်တိုက်ခိုက်သည့် ကုထုံးနှင့်
  • ခုခံအားစနစ် ကုထုံးများ ပါဝင်ပါတယ်။

            ကင်ဆာဆဲလ်များ တခြားအစိတ်အပိုင်းတွေဆီ မပျံ့နှံ့ခင် အဆင့်တွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းခြင်းတို့ဖြင့် ကင်ဆာအကျိတ်ကို ကျုံ့သွားအောင် လုပ်ပြီးနောက် ခွဲစိတ်ကုသလေ့ရှိပါတယ်။ တခြားအစိတ်အပိုင်းတွေဆီပါ ကင်ဆာဆဲလ်များ ပျံ့သွားပြီး အဆင့်မှာတော့ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆဲလ်ကို ဦးတည်တိုက်ခိုက်သည့် ကုထုံး၊ ခုခံအားစနစ် ကုထုံးများကို အသုံးပြု ကုသပါတယ်။

            အဆုတ်ကင်ဆာသည် အဖြစ်များတဲ့ ကင်ဆာဖြစ်သော်လည်း ဆေးလိပ်မသောက်ခြင်းဖြင့် ရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်းကို အများကြီး လျှော့ချပေးနိုင်တာကြောင့် ဇီဝကချစ်သူတွေလည်း ဆေးလိပ်ကို ဖြည်းဖြည်းချင်း ဖြတ်ယူခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင်။

Leave a Comment