🩸 သွေးပြန်ကြော သွေးခဲပိတ်ခြင်း
⭕️ Deep vein thrombosis (DVT) လို့ခေါ်တဲ့ သွေးပြန်ကြော သွေးခဲပိတ်ခြင်းဟာ များသောအားဖြင့် ခြေသလုံး (သို့) ပေါင်မှာ အဖြစ်များသော်လည်း လက်မောင်း၊ ဝမ်းဗိုက်လို တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။
❗️ DVT ဖြစ်လျှင် ခံစားရသည့် အဓိက လက္ခဏာများမှာ သွေးခဲပိတ်သည့်နေရာတွင် ရောင်ခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း၊ ပူနွေးခြင်းနှင့် ယားယံခြင်းတို့ ဖြစ်ပါတယ်။ တစ်ချို့လူတွေမှာ လက္ခဏာ မပြတာလည်း ရှိတာကြောင့် silent DVT လို့လည်း ခေါ်ကြပါတယ်။သွေးပြန်ကြောထဲမှာ သွေးစီးဆင်းမှုကို နှေးကွေးစေတဲ့ အရာတိုင်းက DVT ကို ဖြစ်စေပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုကတော့ နာရီပေါင်းကြာမြင့်စွာ မလှုပ်ရှားဘဲနေခြင်းကြောင့် ဖြစ်ပါတယ်။
တခြားသော အကြောင်းရင်းတွေကတော့…
🔺 · အရိုးကျိုးခြင်း
🔺· ဆေးရုံကြာရှည်စွာ တက်ရခြင်း
🔺· ခရီးဝေး လေယာဉ်စီးရသလို အချိန်ကြာမြင့်စွာ အထိုင်များခြင်း
🔺· ကင်ဆာ (သို့) နှလုံးရောဂါရှိခြင်း
🔺· ဟော်မုန်းဆေးများသောက်ခြင်း
🔺· ကိုယ်ဝန်ရှိခြင်း
🔺· သွေးခဲစေသည့် မျိုးရိုးဗီဇ ရှိခြင်းနှင့်
🔺· အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှုပုံစံတွေကြောင့် ဖြစ်ပါတယ်။ သို့သော် သိသာထင်ရှားတဲ့ အကြောင်းရင်း မရှိဘဲလည်း ရုတ်တရတ် DVT ဖြစ်သွားနိုင်ပါတယ်။
👨⚕️ DVT က ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တာကြောင့် မိမိကိုယ်ကို သံသယရှိတာနဲ့ ဆရာဝန်နဲ့ ပြသရပါမယ်။ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ မူးမော်ခြင်း၊ ချောင်းဆိုးသွေးပါခြင်းတို့ ဖြစ်ပါက အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။
DVT ရှိမရှိ စစ်ဆေးဖို့အတွက် D-dimer test နဲ့ အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်ရနိုင်ပါတယ်။ DVT ကို တိကျစွာ ကုသနိုင်ဖို့အတွက်ကတော့ သွေးခဲသည့် နေရာနှင့် လူနာ၏ အခြေအနေပေါ် မူတည်ပါတယ်။ နောက်ထပ်သွေးမခဲဖို့အတွက် သွေးကျဲဆေးများ ထိုးရ၊ သောက်ရနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ခြေစွပ် (stocking) ဝတ်ရနိုင်ပါတယ်။
DVT ကို ကာကွယ်နိုင်မယ့် နည်းလမ်းများကတော့…
ကား၊ လေယာဉ် အချိန်ကြာမြင့်စွာ စီးဖို့ ရှိပါက
✅ · (၁)နာရီခြားတစ်ခါ (သို့) (၂)နာရီခြားတစ်ခါ လမ်းထလျှောက်ပေးပါ။
✅· ခြေသလုံး ကြွက်သားများကို ဖြေလျှော့ပေးပါ။
✅· ရေများများသောက်ပါ။
✅· ရေဓာတ်ခမ်းခြောက်စေတဲ့ အရက်နဲ့ကဖင်းကို ရှောင်ပါ။
✅· DVT ဖြစ်နိုင်ချေ များလျှင် stocking စွပ်ပါ။
ဆေးရုံတက်နေရပါက
✅· ယခင်က DVT ဖြစ်ခဲ့ဖူးလျှင် ဆရာဝန်ကို ကြိုပြောပါ။
✅· Stocking စွပ်ပါ။
✅· ဖြစ်နိုင်မယ်ဆိုရင် လမ်းမလျှောက်နိုင်ဖူးဆိုရင်တောင် ခြေထောက်ကို ရွှေ့ပေးပါ။
✅· ရေဓာတ်ပြည့်ဝအောင်နေပါ။
🛑 သွေးပြန်ကြောတွင် ပိတ်နေသော သွေးခဲက ပြုတ်ထွက်ပြီး အဆုတ်ကိုရောက်သွားခဲ့ပါက အဆုတ်သွေးကြောပိတ်ခြင်း ဖြစ်သွားပြီး အလွန်အန္တရာယ်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် DVT ကို ဖြစ်စေသည့် အကြောင်းရင်းများနှင့် နီးစပ်သူများအနေဖြင့် မိမိကျန်းမာရေးကို ကြိုတင်ဂရုစိုက်ထားသင့်ကြောင်း မျှဝေလိုက်ပါတယ်ရှင်…💜