စိတ်ကစဥ့်ကလျားရောဂါ
🧠စိတ်ကစဥ့်ကလျားရောဂါဆိုသည်မှာ ပြင်းထန်တဲ့ စိတ်မကျန်းမာခြင်းတစ်မျိုး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာပါ သက်ရောက်မှုရှိတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ (ဝ.၇၅) ရာခိုင်နှုန်းမှာ ရောဂါဖြစ်တာကို တွေ့ရတာကြောင့် လူ(၁၀၀)မှာ (၁)ယောက်က စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ကစဥ့်ကလျားရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း (၃) ခုကတော့
1️⃣မိခင်၏ ဗိုက်ထဲတွင် ရှိစဉ်က သန္ဓေသား၏ ဦးနှောက် ဖွံ့ဖြိုးမှုတွင် ပြဿနာရှိခြင်း၊
2️⃣ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့အတွက် ဦးနှောက်ကနေ အသုံးပြုတဲ့ အချက်ပြ signals များ မညီမျှခြင်း၊
3️⃣ဦးနှောက်ရှိ မတူညီသော အစိတ်အပိုင်းများကြား ချိတ်ဆက်မှု ပျောက်ဆုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နောက်ထပ် ရောဂါဖြစ်စေတဲ့ အချက်တွေကတော့
✔️ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ ဆီးချိုဖြစ်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ဗီတာမင် ဒီ ချို့တဲ့ခြင်း
✔️ဆယ်ကျော်သက် အရွယ်မှာ ဆေးခြောက် ပမာဏ အများအပြား သုံးစွဲခြင်းနှင့်
✔️အချိန်ကာလ ကြာရှည်စွာ စိတ်ဖိစီးမှုများ ခံစားနေရခြင်းတို့ ဖြစ်ပါတယ်။
ရောဂါက အမျိုးသားတွေမှာဆိုရင် အသက် (၁၅) နှစ်နဲ့ (၂၅) ကြားမှာ စတင်ဖြစ်ပေါ်တတ်ပြီး အမျိုးသမီးတွေမှာတော့ အသက် (၂၅) နဲ့ (၃၅) နှစ်ကြားမှာ ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေမှာတော့ ရောဂါဖြစ်နိုင်ချေ ရှားပါးပေမယ့် ဖြစ်လာခဲ့ရင်တော့ ရောဂါပိုပြင်းထန်တတ်ပြီး ကုသရလည်း ခက်ခဲစေပါတယ်။
စိတ်ကစဥ့်ကလျားရောဂါမှာ တွေ့ရတဲ့ အဓိက လက္ခဏာ (၅) ခု ရှိပါတယ်။
1️⃣တစ်စုံတစ်ယောက်က ကိုယ့်ကို ထိန်းချုပ်နေတယ်လို့ မှားယွင်းစွာ ယုံကြည်နေခြင်း
2️⃣တကယ်မရှိသော အသံများ ကြားနေရခြင်းနှင့် အပြင်မှာမရှိသော အရာများ မြင်နေရခြင်း
3️⃣အတွေးတွေကို မစုစည်းနိုင်တာကြောင့် ကိုယ်ပြောလိုက်တဲ့စကားကို တခြားသူများ နားလည်စေဖို့ ခက်ခဲခြင်း
4️⃣သာမန်လူတွေနဲ့ မတူဘဲ ထူးဆန်းစွာ ခန္ဓာကိုယ် လှုပ်ရှားမှုများ ပြုလုပ်ခြင်း (သို့) လုံးဝမလှုပ်ဘဲ နေခြင်း
5️⃣စိတ်အားတက်ကြွမှုလည်း မရှိ၊ အသံမှာလည်း စိတ်ခံစားချက် မပါတော့ဘဲ မျက်နှာသေ ဖြစ်နေခြင်းတို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရတဲ့အတွက်
⭕️တခြားသူတွေကို သံသယဝင်လာခြင်း၊ ထိတ်လန့်ကြောက်ရွံ့နေခြင်း၊
⭕️တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပုံပန်းသွင်ပြင်တို့ကို ဂရုမစိုက်တော့ခြင်း၊
⭕️ခံစားနေရတာတွေ သက်သာလို သက်သာငြား အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊
⭕️စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများကို ခံစားရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်လိုသည့် အတွေးများ ပေါ်လာခြင်းတို့ ဖြစ်လာပါတယ်။
အကယ်၍ အဓိက လက္ခဏာ (၅) ခု အနက် အနည်းဆုံး (၂) ခု ဖြစ်နေပြီး ခံစားနေရသည်မှာလည်း (၁) လလောက် ကြာနေပြီဆိုရင်တော့ သက်ဆိုင်ရာ အထူးကု ဆရာဝန်နှင့် ပြသပြီး အမှန်တကယ် ရောဂါ ရှိမရှိကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရောဂါ ရှိမရှိ စစ်ဆေးရာတွင် CT scan, MRI, EEG, ဆီး သွေး စစ်ခြင်းစတဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ရနိုင်ပါတယ်။
စိတ်ကစဥ့်ကလျားရောဂါကို အရှင်းပျောက်အောင် ကုသလို့ မရနိုင်သော်လည်း ရောဂါ လက္ခဏာများ သက်သာစေဖို့အတွက် စိတ်ရောဂါ ကုသဆေးဝါးများနှင့် တခြား အထောက်အကူပြုဆေးဝါးများကို အသုံးပြုပြီး ကုသကြပါတယ်။ စိတ်ကစဥ့်ကလျားရောဂါရှိတဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာဆိုရင် estradiol ကို သုံးခြင်းဖြင့် ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ယုံမှားလွယ်ခြင်း လက္ခဏာတွေကို လျှော့ချပေးနိုင်တာ တွေ့ရပြီး စိတ်ရောဂါဆေးဝါးများ သောက်သုံးရတဲ့ ပမာဏကိုလည်း လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။
မိမိမှာ ရောဂါရှိနေပါက
✅သောက်သုံးရန် ညွှန်ကြားထားသည့်ဆေးဝါးများကို မှန်မှန်ကန်ကန် သေချာသောက်သုံးရပါမယ်၊
✅ဆရာဝန်နှင့် ရက်ချိန်း ပုံမှန် ပြန်ပြရပါမယ်၊
✅အရက်သေစာနဲ့ မူးယစ်ဆေးဝါး ရှောင်ကြဉ်ရပါမယ်။
မိသားစုဝင်များနှင့် ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများအနေဖြင့်လည်း စိတ်ကစဥ့်ကလျားရောဂါရှိသည့် လူနာကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် မိမိကိုယ်တိုင်ကလည်း စိတ်တည်ငြိမ်အောင် နေရင်း အန္တရာယ် ဖြစ်စေသည့် ကိစ္စများ မလုပ်မိအောင် လူနာကို အနီးကပ် စောင့်ရှောက်မှုပေးခြင်းဖြင့် ကူညီရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်ရှင်။