❕ သူငယ်ပြန်နေတဲ့ လူနာကို မိသားစုဝင်တွေက စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ဖို့ ❕

🧠 သူငယ်ပြန်ရောဂါဆိုတာ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ ဦးနှောက်မှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းများ စုလာတဲ့အခါ၊ ဦးနှောက်ဆီကို ရောက်တဲ့ သွေးကြောပိတ်သွားတာကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ အောက်စီဂျင်က ဦးနှောက်ကို မရောက်တော့တဲ့အခါ ဆဲလ်များ ပျက်စီးတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်က ကောင်းမွန်စွာ အလုပ်မလုပ်တော့တဲ့အတွက် လုပ်ဆောင်နေကျ အမူအကျင့်များက ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။

❗️ သူငယ်ပြန်ရောဂါဖြစ်တဲ့အခါ ပြောင်းလဲလာတဲ့ အစောပိုင်း လက္ခဏာများကတော့ လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာများကို မေ့သွားခြင်း၊ မေးပြီးသား မေးခွန်းတစ်ခုထဲကို ထပ်တလဲလဲပြန်မေးမိခြင်း၊ မကြာခဏ သုံးလေ့ရှိတဲ့ ပစ္စည်းတွေကို အထားမှားခြင်း၊ ဥတုရာသီ၊ နှစ်၊ လတွေကို မသိတော့ခြင်း၊ သင့်တော်မှန်ကန်သော စကားလုံးရွေးချယ်ရာတွင် အခက်အခဲဖြစ်ခြင်း၊ ဘယ်အရာကိုမှ စိတ်ပါဝင်စားမှု မရှိတော့ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

🛑 ရောဂါ ပိုဆိုးလာမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်များ မချနိုင်တော့ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်း မရှိတော့ခြင်း၊ စကားပြောဆိုရာတွင် ပိုပြီး ခက်ခဲလာခြင်း၊ နေ့စဉ်လုပ်နေကျ သွားတိုက်တာ၊ ဟင်းချက်တာ၊ ဈေးဝယ်တာ စတဲ့ အခြေခံအပြုအမူတွေဟာ စိန်ခေါ်မှု တစ်ခု ဖြစ်လာခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ တစ်ကိုယ်တည်း မလုပ်ဆောင်နိုင်တော့ဘဲ အကူအညီ လိုအပ်လာခြင်း၊ ညဘက်ခဏခဏနိုးပြီး လမ်းထလျှောက်ခြင်း၊ စိုးရိမ်ပူပန်မှုတွေ များလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

👪 သူငယ်ပြန်နေတဲ့ မိသားစုဝင်ကို ပြုစုစောင့်ရှောက်မယ့်သူဟာ လူနာရဲ့ အမူအကျင့်တွေကို နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ လူနာက မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးနေတယ်ဆိုတာ တမင်တကာ လုပ်နေတာ မဟုတ်ဘဲ သူမေးပြီးသားဆိုတာကို မေ့နေတာကြောင့် ဖြစ်လို့ စိတ်ရှည်ရှည်နဲ့ ညင်ညင်သာသာ ဖြေပေးဖို့ လိုအပ်ပါတယ်။ လူနာပုံမှန်လုပ်တတ်တဲ့ အပြုအမူတွေကို သေချာရေးမှတ်ထားသင့်ပြီး ရုတ်တရတ် အပြုအမူအသစ်တွေ လုပ်နေတယ်ဆိုရင် ဝမ်းချုပ်လို့ နေရထိုင်ရ အဆင်မပြေနေတာမျိုး၊ ပြဿနာတစ်ခုခုကြောင့် နာကျင်နေတာမျိုး ဖြစ်နိုင်လို့ ဂရုစိုက်စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားဖြစ်အောင် လူနာနှစ်သက်တဲ့ လေ့ကျင့်ခန်းတွေ၊ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို ရွေးပြီး လုပ်ခိုင်းပါ။ 

ဘယ်အချိန်မှာ မနက်စာစားမယ်၊ ဘယ်အချိန်မှာ ရေချိုးမယ် စသဖြင့် နေ့စဉ်လုပ်ရမယ့် လုပ်ရိုးလုပ်စဉ်များကို အချိန်သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးဖြစ်အောင် ကြိုးစားပါ။ လူနာနဲ့ စကားပြောတဲ့အခါ အကြောင်းရာ တစ်ခုပြီးမှ တစ်ခုပြောပါ၊ မေးပါ။ ပတ်ဝန်းကျင်က လူများကလည်း လူနာကို မေးခွန်းများစွာမေးခြင်းမျိုး မလုပ်မိအောင် ဂရုစိုက်ပါ။ ဆိတ်ငြိမ်အေးချမ်းသော သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေခိုင်းပါ။ သာယာငြိမ့်ညောင်းသော တေးသံသာတွေ ဖွင့်ထားပေးပါ။ လူနာကို အနားမှာပဲ ထားပြီး လုံခြုံမှု ရှိတယ်လို့ ခံစားရအောင်၊ စိတ်အားမငယ်အောင် မားမားမတ်မတ် ရပ်တည်ပေးပါ။ တိရစ္ဆာန်လေးတွေ မွေးထားခြင်းကလည်း လူနာအတွက် အထောက်အကူဖြစ်ပါတယ်။ လူနာမှတ်မိနေတဲ့ သူ့ဘဝရဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို ပြန်ပြောပြခိုင်းပြီး နားထောင်ပေးပါ။ နေ့ခင်းဘက် အလင်းရောင်ရသော နေရာတွင် နေခိုင်းပါ။ ညဘက်တွင် လျှပ်စစ်မီးတွေ အများကြီးထွန်းထားတာမျိုး မပြုလုပ်ဘဲ ညမီးအလင်းရောင်လောက်သာ ထွန်းထားတာမျိုး၊ အိပ်ခန်းကိုလည်း သက်သောင့်သက်သာ အိပ်စက်နိုင်အောင် ပြင်ဆင်ပေးတာမျိုး ပြုလုပ်ပေးရပါမည်။ သူငယ်ပြန်နေတဲ့ လူနာအနေနဲ့ ညဘက်တွေ အိပ်ရခက်ခြင်း၊ ခဏခဏအိပ်ရာနိုးခြင်းတွေလည်း ဖြစ်တတ်တာမို့ ညနေပိုင်းမှာ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်များတာ မသောက်မိအောင် ဂရုစိုက်ပေးပါ။ လူနာက ဒေါသတကြီး အော်ဟစ်တဲ့အခါ လူနာနဲ့ ထိပ်တိုက်မရင်ဆိုင်ဘဲ စိတ်ကိုငြိမ်အောင်ထားပြီး အခန်းအပြင်ကို ခဏထွက်နေလိုက်ပါ။

  🔴 လူနာအနေနဲ့လည်း မိမိရဲ့ မှတ်ဉာဏ်တွေ လုံး၀ ပျောက်ကွယ်သွားမှာကို အလွန်စိုးရိမ်နေတတ်သလို မိသားစုဝင်တွေ အနေနဲ့ကလည်း စိတ်မကောင်းဖြစ်စရာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သူငယ်ပြန်ခြင်းရဲ့ အစောပိုင်း လက္ခဏာတွေ စလာတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသကာ ရောဂါအခြေအနေ ပိုဆိုးမလာအောင် ထိန်းထားပေးရမှာ ဖြစ်ပါတယ်။

     ဒီရောဂါ မဖြစ်ပွားအောင် လုပ်လိုရမယ့် အချက်တွေကတော့ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကိုသာ စားသုံးခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ခြင်း၊ အိပ်ရေး၀၀အိပ်စက်ခြင်း၊ အရက်အလွန်အကျွံ မသောက်သုံးခြင်းနှင့် ဦးခေါင်း ဒဏ်ရာမရအောင် ဂရုစိုက်ခြင်းတို့ဖြင့် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်...🔻

Leave a Comment