မှိုဆိပ်အန္တရာယ် ကြောက်စဖွယ် မစားမိအောင် ရှောင်ကြမယ်
☠️ Aflatoxins ဆိုတာ ပူနွေးစိုစွတ်တဲ့ ဒေသတွေမှာ ပေါက်ပွားသော Aspergillus flavus နဲ့ Aspergillus parasiticus မှိုတွေကနေ ထုတ်လိုက်တဲ့ အဆိပ်ဓာတ် ဖြစ်ပါတယ်။ ထိုမှိုတွေဟာ ပြောင်းဖူး၊ ဂျုံ၊ ငရုတ်သီး၊ မြေပဲ၊ ဆန်၊ နှမ်း၊ နေကြာစေ့နဲ့ ဟင်းခတ်အမွှေးအကြိုင်များစွာကို စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်နဲ့ သိုလှောင်ချိန်တွေမှာ စွဲကပ်တတ်ပါတယ်။
❗️ မှိုဆိပ်ရှိတဲ့ အစားအစာတွေကို ကိုယ်တိုင် စားမိခြင်း၊ မှိုဆိပ်ရှိတဲ့ ကောက်ပဲသီးနှံများကို စားသုံးထားတဲ့ တိရစ္ဆာန်များရဲ့ အသား၊ ဥနဲ့ နို့ကို စားသောက်မိခြင်းကနေ မှိုဆိပ် ကူးစက်နိုင်ပါတယ်။ စိုက်ပျိုးရေး အလုပ်သမားများ အနေနဲ့ မှိုဆိပ်ရှိတဲ့ သီးနှံများကို ကိုင်တွယ်ရင်း လေထဲမှာ ပျံ့နှံလာတဲ့ မှိုပိုးများကို ရှူသွင်းမိခြင်းအားဖြင့် ကူးစက်နိုင်ပါတယ်။ အချိန်တိုအတွင်းမှာ မှိုဆိပ်ပမာဏများများကို စားသုံးမိသူများတွင် (၂၅) ရာခိုင်နှုန်းခန့်ဟာ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
🍄 Aflatoxin မှိုဆိပ်က အသည်းကို အဓိက ထိခိုက်စေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အသည်းကင်ဆာ ဖြစ်ပွားနှုန်းရဲ့ (၄.၆) ရာခိုင်နှုန်းမှ (၂၈.၂) ရာခိုင်နှုန်းက Aflatoxin မှိုဆိပ်ကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ဖွံဖြိုးဆဲ နိုင်ငံများတွင် နေထိုင်သော လူဦးရေ၏ ( ၄.၅ ) ဘီလီယံခန့်က မှိုဆိပ်ပမာဏများစွာကို ထိတွေ့စားသုံးနေကြပါတယ်။ ကလေးများမှာ မှိုဆိပ်မိခြင်းကြောင့် ကြီးထွားမှု နှောင့်နှေးခြင်း၊ အသည်းပျက်စီးရာကနေ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူများက ကလေးများထက် ပို၍ ခံနိုင်ရည်ရှိသော်လည်း အန္တရာယ်ရှိနေဆဲပဲ ဖြစ်ပါတယ်။
🔴 မှိုဆိပ်မိခြင်း၏ လက္ခဏာများကတော့ ယားယံခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖောရောင်ခြင်း၊ တက်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အသားဝါခြင်းနှင့် သွေးထွက်များခြင်းတို့ ဖြစ်ပါတယ်။
✅ သန့်ရှင်းစိတ်ချရတဲ့ အစားအစာများကိုသာ စားသုံးခြင်း၊ မှိုတက်နေသည်ဟု သံသယရှိတဲ့ အရောင်ပြောင်းပြီး ရှုံတွနေတဲ့ အစားအစာများကို ရှောင်ကြဉ်ခြင်းအားဖြင့် မှိုဆိပ်အန္တရာယ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Aflatoxin မှိုဆိပ်သည် လူ့ကျန်းမာရေးပေါ်တွင် အရေးကြီးသော သက်ရောက်မှု ရှိတာကြောင့် အန္တရာယ်ကင်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပြီး မိမိမှာ မှိုဆိပ်တက်တဲ့ လက္ခဏာတွေ တွေ့ရင်လည်း နှောင့်နှေးမနေဘဲ ရောဂါရှာဖွေဖို့လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်…💜