မိုးရာသီမှာ သတိမထားမိဘဲ ရင်ဆိုင်ရတတ်တဲ့ ရန်သူ (၄) ဦး
မိုးရွာလို့ အေးအေးလူလူ ရှိနေတဲ့အချိန် အရေပြားပေါ်မှာ ဇီဝကရဲ့ မိတ်ဆွေတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရန်သူတွေ ခိုအောင်းနေတယ်ဆိုတာ သတိထားမိရဲ့လား။ အေးမြတဲ့ မိုးရာသီမှာ ဘာလို့ အသားအရေက ပိုယားယံပြီး အဖုအပိမ့်တွေ ထွက်လာရတာလဲ။ ဒီနေ့မှာတော့ ဇီဝကအနေနဲ့ မိုးရာသီမှာ အဖြစ်အများဆုံး အရေပြားပြဿနာတွေနဲ့ ဒါကို အလွယ်ကူဆုံး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြချင်ပါတယ်ရှင့်
၁။ မှိုပိုးဝင်ခြင်း
မိုးရာသီရဲ့ စိုထိုင်းဆ မြင့်မားမှုဟာ မှိုပိုးတွေ ပေါက်ဖွားဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ပါ။ အထူးသဖြင့် ခြေချောင်းကြားတွေ ယားယံတာ၊ ပေါင်ခြံနဲ့ ဂျိုင်းကြားတွေမှာ ကွက်ပြီး ယားယံတာတွေ အဖြစ်များပါတယ်။
ဒီလိုပြဿနာတွေမဖြစ်အောင် မိုးရေစိုသွားရင် ချက်ချင်း ရေပြန်ချိုးပါ။ ခြေလက်တွေကို ခြောက်သွေ့အောင် အမြဲထားပါ။ လိုအပ်ရင် Clotrimazole သို့မဟုတ် Miconazole ပါဝင်တဲ့ မှိုသတ်ဆေးခရင်မ်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီး စနစ်တကျ လိမ်းပေးနိုင်ပါတယ်။
၂။ ဝက်ခြံ ပိုထွက်ခြင်း
မိုးရာသီက နေလည်းမပူဘဲ ဘာလို့ ဝက်ခြံတွေ ပိုထွက်လာရတာလဲလို့ မေးစရာ ရှိပါတယ်။ စိုထိုင်းဆများတဲ့အခါ အရေပြားက အဆီပိုထွက်ပြီး လေထုထဲက ဖုန်မှုန့်တွေနဲ့ ပေါင်းစပ်ကာ ချွေးပေါက်ပိတ်ဆို့မှု ပိုဖြစ်စေလို့ပါ။
ဒီလို မဖြစ်အောင် အဆီပြန်တာ ထိန်းပေးပြီး ချွေးပေါက် သန့်စင်စေမယ့် Salicylic Acid (BHA) ပါဝင်တဲ့ မျက်နှာသစ်ဆေးကို သုံးပေးပါ။ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးတဲ့အခါ Gel-based သို့မဟုတ် Light-weight ဖြစ်တာကို ရွေးချယ်ပါ။
၃။ မိုးရေနဲ့ ဓာတ်မတည့်ခြင်း
အခုခေတ် မိုးရေတွေက လေထုညစ်ညမ်းမှုကြောင့် အက်ဆစ်ဓာတ် အနည်းငယ် ပါဝင်တတ်သလို၊ လမ်းဘေး ရေအိုင်တွေက ရေညစ်တွေနဲ့ ထိတွေ့မိတဲ့အခါ အသားအရေ ကသိကအောက်ဖြစ်ပြီး နီရဲတာ၊ ယားယံတာတွေ ဖြစ်လာတတ်ပါတယ်။
ဒီလို မဖြစ်အောင် အသားအရေ အရမ်းခြောက်သွေ့ပြီး ယားယံတတ်သူဆိုရင် မိုးရေထဲ သွားပြီးတိုင်း ရေစင်စင်ဆေး၊ Moisturizer လိမ်းပြီး ကာကွယ်ပါ။ ယားယံမှု ပြင်းထန်ရင် Antihistamine သောက်ဖို့ လိုအပ်နိုင်ပါတယ်။
၄။ ခြင်နဲ့ ပိုးမွှားကိုက်ခြင်း
မိုးတွင်းမှာ ရေဝပ်တဲ့နေရာတွေ များလာတာကြောင့် ခြင်နဲ့ ပိုးမွှား အန္တရာယ်က ပိုများပါတယ်။ အကိုက်ခံရတဲ့အခါ ယားယံပြီး ကုတ်မိရာကနေတဆင့် ဘက်တီးရီးယားပိုးဝင်ခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။
ဒီလို မဖြစ်အောင် မကုတ်ပါနဲ့။ ယားယံတာ သက်သာစေဖို့ Calamine Lotion သို့မဟုတ် Aloe Vera Gel လိမ်းပေးပါ။ အပြင်သွားရင် DEET သို့မဟုတ် Picardin ပါဝင်တဲ့ ခြင်ပြေးဆေး သုံးစွဲပါ။
မိုးရာသီမှာ အသားအရေကို ဂရုစိုက်ဖို့က ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ အဓိကက သန့်ရှင်းရေးနဲ့ ခြောက်သွေ့မှုပါပဲ။ အခုပြောပြသွားတဲ့ လက္ခဏာတွေထဲက ခံစားနေရတာရှိရင် ဇီဝကဆေးဆိုင်ရဲ့ Chat Box မှာ ဖြစ်စေ၊ အနီးဆုံး ဆိုင်ခွဲမှာဖြစ်စေ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင်။
ဒီ Post လေးကို Like & Share လုပ်သွားဖို့ မမေ့ပါနဲ့ဦးနော်။ အားလုံးပဲ မိုးရာသီမှာ ကျန်းမာပျော်ရွှင်ပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေ။