ဆောင်းတုပ်ကွေးအကြောင်း သိကောင်းစရာ

❄️❄️ရာသီဥတု အေးတဲ့အခါ အအေးမိတုပ်ကွေး ပိုဖြစ်လွယ်ပါတယ်။ အကြောင်းရင်းကတော့…
⭕️အေးတဲ့အခါ လေထုက ပိုမိုခြောက်သွေ့တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက ထိုခြောက်သွေ့နေတဲ့ လေထုထဲမှာ ကြာကြာရှင်သန်နိုင်ပြီး ပိုမိုပျံ့နှံ့လွယ်ပါတယ်။
⭕️နှာခေါင်းသည် ပြင်ပက ရောဂါပိုးမွှားများ ခန္ဓာကိုယ်အတွင်းထဲထိ ဝင်မသွားအောင် စစ်ထုတ်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ရာသီဥတု အေးတဲ့အခါ နှာခေါင်းအတွင်းရှိ ဆဲလ်တွေက ပုံမှန်လို ကောင်းကောင်း အလုပ်မလုပ်တော့တာကြောင့် ပိုပြီး နေမကောင်းဖြစ်လွယ်တာ ဖြစ်ပါတယ်။
⭕️အေးတဲ့အတွက် အပြင်သိပ်မထွက်ဖြစ်ဘဲ အိမ်ထဲမှာပဲ အနေများတာကြောင့် မိသားစုဝင်တစ်ဦး နေမကောင်းဖြစ်တာနဲ့ တခြားတစ်ယောက်ကို ကူးလွယ်စေတာ ဖြစ်ပါတယ်။

အအေးမိခြင်းကို ဖြစ်စေတဲ့ ပိုးနဲ့ တုပ်ကွေးကို ဖြစ်စေတဲ့ ပိုးနဲ့ အမျိုးအစားချင်း မတူပါ။ ဗိုင်းရပ်စ် အမျိုးအစားပေါင်း (၁၀၀) ကျော်က အအေးမိခြင်းကို ဖြစ်စေပြီး တုပ်ကွေးကိုတော့ influenza virus type A, type B, Type C တို့ကသာလျှင် ဖြစ်စေပါတယ်။

Type A နဲ့ type B က ပြင်းထန်တဲ့ ရာသီတုပ်ကွေးကို ဖြစ်စေပြီး type C ကတော့ သိပ်မပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာလောက်ကိုသာ ဖြစ်စေပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးက type A နဲ့ type B ကို ကာကွယ်နိုင်သော်လည်း type C အတွက်တော့ ကာကွယ်ဆေး မရှိသေးပါဘူး။ Type A virus ကို တိရစ္ဆာန်တွေမှာလည်း တွေ့ရပေမယ့် type B ကိုတော့ တိရစ္ဆာန်တွေမှာ မတွေ့ရဘဲ လူမှာသာလျှင် တွေ့ရပါတယ်။

တုပ်ကွေးရောဂါက အလွန်ကူးစက်လွယ်ပါတယ်။ နှာချေ၊ ချောင်းဆိုးရာမှ လွင့်စင်လာသော အမှုန်အမွှားများမှတဆင့်၊ ဗိုင်းရပ်စ်ပိုးရှိသော ပစ္စည်းကို ကိုင်တွယ်မိသည့် မသန့်ရှင်းသော လက်မှတဆင့် ကူးစက်တတ်ပါတယ်။ ရောဂါလက္ခဏာ စမပေါ်ခင် (၁) ရက်အလိုမှ လက္ခဏာ စပေါ်ပြီး (၇) ရက် အထိက တစ်ခြားသူကို ကူးစက်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်ရင်တော့ (၂) ပါတ်လောက်ထိ တခြားသူကို ကူးနိုင်ပါတယ်။

ဒါကြောင့် ဒီလိုနေမကောင်းဖြစ်လွယ်တဲ့ ဆောင်းရာသီမှာ
✅မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မသန့်ရှင်းတဲ့ လက်နဲ့ မကိုင်မိစေဖို့ သတိပြုရပါမယ်။
✅မကြာခဏ လက်ဆေးပေးဖို့လည်း လိုပါတယ်။
✅လူစည်ကားတဲ့ နေရာကိုသွားရင် နှာခေါင်းစည်း (mask) တပ်သင့်ပါတယ်။
✅အပြင်ထွက်သည့်အခါ နွေးနွေးထွေးထွေး လုံလုံခြုံခြုံ ဝတ်ခြင်းဖြင့် အသားမပတ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
✅နှစ်စဉ် ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။
✅နေမကောင်းလျှင် အိမ်မှာ ပြည့်ပြည့်၀၀ အနားယူဖို့ လိုအပ်ပါတယ်။

Leave a Comment