🌀 အပျိုဖော်ဝင်ချိန်

👧 အပျိုဖော်ဝင်တာက များသောအားဖြင့် မိန်းကလေးတို့ရဲ့ အသက် (၈) နှစ်နဲ့ (၁၃) နှစ်ကြားမှာ စတင်လေ့ ရှိပါတယ်။ ညီမငယ်လေးတို့ အနေနဲ့ သိထားသင့်တာကတော့ သက်တူရွယ်တူဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အပျိုဖော်ဝင်ချိန် မတူတတ်တာကြောင့် သူငယ်ချင်းတွေကြားမှာ ကိုယ်က အပျိုဖော်ဝင်ချိန်စောလို့ ရှက်တာမျိုး၊ နောက်ကျလို့ စိုးရိမ်သိမ်ငယ်စိတ် ဝင်တာမျိုး ဖြစ်ဖို့မလိုပါဘူးနော်။

👉 ဒီလို အပျိုဖော်ဝင်လာတဲ့အခါ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စတင်ကြုံတွေ့ရပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေလည်းဆိုရင်…

⭕️ · ကိုယ်အလေးချိန် တက်လာခြင်း

⭕️ · အရပ်ရှည်လာခြင်း

⭕️ · ရင်သား စတင် ကြီးထွားလာခြင်း

⭕️ · အသားအရေအဆီပြန်ပြီး ဝက်ခြံများထွက်ခြင်း

⭕️· ချွေးထွက်များလာခြင်းနဲ့

⭕️· ချိုင်းမွှေး၊ ဆီးခုံမွှေးများ စတင် ပေါက်လာခြင်းတို့ ဖြစ်ပါတယ်။

⚠️ ဖြတ်သန်းနေရဆဲ ကလေးဘဝကနေ ဒီလိုပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လက်မခံချင်တာ၊ ငါဘာတွေဖြစ်နေတာလဲဆိုပြီး ကြောက်လန့်နေမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရင်ထဲမှာ ခံစားနေရတာတွေကို မိဘအား ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုပါတယ်။

🩸 ညီမငယ်လေးများအားလုံး နောက်ထပ် လစဉ်ကြုံတွေ့ရတော့မယ့် စိန်ခေါ်မှု တစ်ခုကတော့ ဓမ္မတာလာခြင်းပဲ ဖြစ်ပါတယ်။ ဓမ္မတာ ဘယ်တော့ စလာမလဲဆိုတာကို မခန့်မှန်းနိုင်ပေမယ့် များသောအားဖြင့် ရင်သားစတင် ဖွံ့ဖြိုးလာပြီး နောက် (၂) နှစ်ခန့်မှာတော့ ဓမ္မတာ စလာတတ်ပါတယ်။ ဓမ္မတာလာတဲ့အချိန်မှာ ဗိုက်မနာတတ်တဲ့သူကတော့ သိပ်ကိစ္စမရှိပေမယ့် ဗိုက်နာတတ်တယ်ဆိုရင်တော့ ကြိုတင်ကာကွယ်လို့ရအောင် Evening Primrose Oil ကို နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်။ ပြီးရင် ရေနွေးအိတ်ကပ်ပေးတာမျိုး၊ ဘေးစောင်းပြီး ခွေခွေလေး ကွေးအိပ်ပေးတာမျိုးကလည်း ဗိုက်နာ သက်သာစေပါတယ်။

💢 တချို့မိန်းကလေးတွေမှာတော့ ဓမ္မတာလာချိန်မှာ လေပွတာ၊ ခေါင်းကိုက်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း ဒေါသထွက်လွယ်တာ၊ စိတ်အလိုမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်းမရှိဘဲလည်း စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါတွေဟာ ဟော်မုန်းပြောင်းလဲမှုကြောင့်ပဲ ဖြစ်ပါတယ်။

❗️ ဓမ္မတာ စလာခါစ လတွေမှာ လစဉ်ပုံမှန်မလာသေးတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကလည်း ပုံမှန်ပါပဲ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ရာသီမှန်လာမှာ ဖြစ်ပါတယ်။ ဓမ္မတာလာချိန်မှာ နောက်ထပ် ဂရုစိုက်ပေးရမယ့် တစ်ချက်ကတော့ လစဉ်သုံး ပစ္စည်း (သို့) tampon ကို အနည်းဆုံး (၄) နာရီခြား တစ်ခါ လဲပေးဖို့ပါပဲ။

🛑 မိဘတွေအနေနဲ့ကတော့ ကိုယ့်ရဲ့သမီးငယ်လေးက ဒီလိုအပျိုဖော်ဝင်ချိန်မှာ မိသားစုထက် သူငယ်ချင်းတွေကို ပိုပြီးခင်တွယ်ကာ၊ သူတို့နဲ့ပဲ အချိန်ကုန်ချင်နေတာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ကလေးကို စိတ်ရှည်ရှည်ထားပြီး သူကြုံတွေ့ ခံစားနေရတာတွေ ကိုယ့်ကို ပွင့်လင်းစွာ ရင်ဖွင့်လာအောင် လမ်းကြောင်းပေးဖို့လိုပါတယ်။ ကြီးထွားမှု မြန်ဆန်နေတဲ့ အချိန်ဖြစ်တာကြောင့် ပင်ပန်းလွယ်လို့ အိပ်ရေး၀၀အိပ်ခိုင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ များများကျွေးရပါမယ်။ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်တတ်ဖို့ သိထားသင့်တဲ့ sex education သင်ပေးဖို့လည်း တာဝန်ရှိပါတယ်…💜

Leave a Comment