💜 ကိုယ်နဲ့ တည့်သွားတဲ့ဆေးက သူများအတွက်ရော သင့်တော်ပါ့မလား?

မြန်မာလူမျိုးတွေက အင်မတန် နွေးထွေး ကြင်နာတတ်ကြပါတယ်။ ကိုယ့်မိသားစုဝင်ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေဖြစ်ဖြစ် နေမကောင်းဖြစ်နေပြီဆိုရင် မြန်မြန်သက်သာပါစေ ဆိုတဲ့စိတ်နဲ့ တတ်နိုင်သလောက် ကူညီပေးချင်ကြတာ သဘာဝပါ။

တစ်ခါတလေ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း၊ ရပ်ကွက်ထဲမှာ စကားစမြည်ပြောရင်းနဲ့…
“ငါတော့ ဒူးနာနေတာကြာပြီ”
“ငါလည်း သွေးတိုးနေတာ”
“ငါ့လည်ပင်းလည်း ကျီးပေါင်းတက်နေတာ” ဆိုပြီး ကိုယ့်ဝေဒနာတွေကို အချင်းချင်း ရင်ဖွင့်တတ်ကြပါတယ်။

အဲ့ဒီအခါ တစ်ဖက်လူကလည်း ကိုယ်တိုင်ဖြစ်ဖူးတော့—
“ငါလည်း ဒီလိုဖြစ်ဖူးတယ်။ ငါ့တုန်းက ဒီဆေးသောက်တာ သက်သာသွားတယ်။ နင်လည်း သောက်ကြည့်လေ” ဆိုပြီး ကိုယ်သောက်ဖူးတဲ့ဆေးကို ပြောပြတာ၊ တစ်ခါတလေ ဆေးပါ ပေးလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။

Online ပေါ်မှာလည်း ဒီလိုပါပဲ။
“ဒီဆေးလေး သောက်လိုက်တာနဲ့ သက်သာသွားတယ်”
“ဒီဆေးက ဒီလိုရောဂါအတွက် တော်တော်ကောင်းတယ်” ဆိုပြီး ကိုယ်တိုင်သက်သာခဲ့တဲ့ အတွေ့အကြုံကို စေတနာနဲ့ မျှဝေကြပါတယ်။

တကယ်တော့ ဒီလိုမျှဝေကြတာဟာ မကောင်းတဲ့စိတ်နဲ့ လုပ်ကြတာမဟုတ်ပါဘူး။
“ငါခံစားခဲ့ရသလို သူများ မခံစားရအောင် ကူညီပေးချင်တာ”
“ငါသက်သာခဲ့သလို သူ့ကိုလည်း မြန်မြန်သက်သာစေချင်တာ” အဲ့ဒီစိတ်နဲ့ ပြောကြတာပါ။

ဒါပေမယ့် ဆေးဝါးနဲ့ပတ်သက်လာရင်တော့ စေတနာကောင်းရုံနဲ့ မလုံလောက်တဲ့အခါတွေ ရှိပါတယ်။
ဘာကြောင့်လဲ?

ကိုယ်သောက်လို့ အဆင်ပြေတဲ့ဆေးက သူ့အတွက်လည်း အဆင်ပြေချင်မှ ပြေမှာပါ။
လူတစ်ယောက်နဲ့တစ်ယောက် အသက်၊ ကိုယ်အလေးချိန်၊ ရှိပြီးသားရောဂါတွေ၊ ဆေးမတည့်မှုတွေ၊ လက်ရှိသောက်နေတဲ့ဆေးတွေ မတူကြပါဘူး။

ဒါကြောင့် ကိုယ်သောက်ပြီး သက်သာခဲ့တဲ့ဆေးကို တခြားလူတစ်ယောက်က သောက်လိုက်တဲ့အခါမှာလည်း အတူတူသက်သာမယ်လို့ မပြောနိုင်ပါဘူး။
အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်လိုတဲ့ POM ဆေးတွေ ဖြစ်ရင် ပိုပြီး သတိထားဖို့လိုပါတယ်။
ညွှန်ကြားချက် မလိုတဲ့ OTC ဆေးဖြစ်နေရင်တောင် လူတိုင်းအတွက် အမြဲတမ်းသင့်တော်တယ်လို့ မဆိုနိုင်ပါဘူး။

အထူးသဖြင့် သွေးကျဆေးတွေ၊ ပိုးသတ်ဆေး (antibiotics) တွေလို ဆေးတွေဆို ပိုသတိထားရပါမယ်။ ကိုယ်သောက်ဖူးလို့ သူများကို သောက်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။
ကိုယ်က ဆေးတစ်မျိုးသောက်ပြီး သက်သာသွားတာက ကိုယ့်အခြေအနေ၊ ကိုယ့်ရောဂါနဲ့ ကိုယ့်ခန္ဓာကိုယ်အပေါ် မူတည်ပြီး ဖြစ်လာတာပါ။

ဒါကြောင့်—
“ငါ့အတွက်ကောင်းတယ်” ဆိုတာနဲ့ “သူ့အတွက်လည်းကောင်းမယ်” လို့ မယူဆသင့်ပါဘူး။

ဒါဆို ကိုယ်ချစ်ခင်ရတဲ့သူ နေမကောင်းဖြစ်လာရင် ဘာလုပ်ပေးမလဲ?
ဆေးတစ်မျိုးကို လက်ဆင့်ကမ်းပေးမယ့်အစား—
“ငါ့အတွက်တော့ ဒီဆေးနဲ့ အဆင်ပြေခဲ့တယ်။ ဒါပေမယ့် နင့်အတွက် သင့်တော်မသင့်တော်တော့ မသေချာဘူး။ Pharmacist ကို မေးကြည့်ရအောင်” လို့ ပြောပေးကြည့်ပါ။

ဒါကလည်း စေတနာပါပဲ။
ဒါပေမယ့် ကိုယ်ချစ်တဲ့သူအတွက် ပိုဘေးကင်းတဲ့ စေတနာမျိုးပါ။

💊 ဆေးဝါးနဲ့ပတ်သက်ပြီး မသေချာတာရှိရင် Pharmacist ကို မေးလို့ရပါတယ်။
Pharmacist ဆိုတာ ဆေးဝါးတွေရဲ့ အာနိသင်၊ အသုံးပြုပုံ၊ ဆေးအချင်းချင်း ဓာတ်ပြုမှု၊ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးဝါးအသုံးပြုမှုဆိုင်ရာ အကြောင်းအရာတွေကို စနစ်တကျ သင်ယူလေ့ကျင့်ထားတဲ့ ဆေးဝါးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင် ဖြစ်ပါတယ်။
ဒါကြောင့် ဆေးတွေကို ဘေးကင်းစွာ၊ မှန်ကန်စွာနဲ့ ထိရောက်စွာ အသုံးပြုနိုင်အောင် Pharmacists တွေက အမြဲကူညီပေးနေပါတယ်။

💜 Sep 25 ရက်နေ့မှာ ကျရောက်မယ့် World Pharmacist Day အထိမ်းအမှတ်အနေနဲ့ တစ်ခုလောက် မျှဝေချင်ပါတယ်။
ကိုယ်သက်သာခဲ့တဲ့ဆေးကို သူများကို ပြောပြပေးတာက စေတနာကောင်းနဲ့ပါ။
ဒါပေမယ့် ဆေးဖြစ်နေတော့ ကိုယ့်အတွေ့အကြုံတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကိုယ်ပေးချင်တဲ့စေတနာက သူ့အတွက် အန္တရာယ်မဖြစ်စေဘဲ၊ တကယ်အကျိုးရှိစေချင်တာပဲ မဟုတ်လား။ 💜
ဒီတော့ ဆေးအကြောင်း မသေချာတာရှိရင်၊ မေးစရာရှိရင် Pharmacist တွေကို သတိရကြ ရအောင်နော် 💊💜

xxx
ယခုဆောင်းပါးအား ဇီဝကဆေးဆိုင်မှ ဆေးဝါးပညာရှင် မသူဇာလွင် ရေးသားပါသည်။

Leave a Comment