⚡️ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီမှာ ဘယ်လိုကောင်းကျိုးတွေ ထပ်ရှိဦးမလဲ?

🙌 ယနေ့အချိန်မှာ ဗီတာမင်စီ (Ascorbic acid) လို့ ဆိုလိုက်တာနဲ့ ကိုယ်ခံအားကောင်းစေတယ် ဆိုတာကိုတော့ အားလုံးရင်းနှီးနေကြပြီ ဖြစ်ပါတယ်။ အအေးမိတုပ်ကွေး ဖြစ်တဲ့အခါမှာ ဗီတာမင်စီ သောက်ပေးရင် အဆုတ်ရောင်တာ၊ ပိုးဝင်တာတို့ ထပ်ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီမှာ ကိုယ်ခံအား ကောင်းစေတာအပြင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိသေးလဲဆိုတော့…

🔸 အသားအရေကို တင်းရင်းစေပါတယ်
Collagen ဆိုတာ အသားအရေလေး တင်းရင်းကြည်လင်စေပြီး ငယ်ရွယ်နုပျိုမှုကို ထိန်းထားပေးတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထွက်ပေမယ့် အသက်အရွယ် ရလာတာနဲ့အမျှ ထုတ်နှုန်းက တဖြည်းဖြည်းကျလာပါတယ်။ ဒီလိုအချိန်မှာ ဗီတာမင်စီက ခန္ဓာကိုယ်ကနေ collagen ထုတ်လုပ်မှုနှုန်းကို ထိန်းထားပေးတဲ့အတွက် အသားအရေကို တင်းရင်းကြည်လင်စေတာပဲ ဖြစ်ပါတယ်။

🔸 သွေးအားနည်းခြင်းကနေ ကာကွယ်ပေးပါတယ်
ပုံမှန်အားဖြင့် အပင်က ရတဲ့ သံဓာတ်ကို ခန္ဓာကိုယ်ကနေ အပြည့်အ၀ စုပ်ယူနိုင်စွမ်းနည်းပါတယ်။ ဒီနေရာမှာ ဗီတာမင်စီက သံဓာတ်စုပ်ယူမှု အားကောင်းအောင် ကူညီပေးတဲ့အတွက် သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။

🔸 စိတ်ဖိစီးမှု ကင်းဝေးစေပါတယ်
ဗီတာမင်စီနဲ့ စိတ်အခြေအနေနဲ့ ချိတ်ဆက်နေတယ်ဆိုတာက နည်းနည်းထူးဆန်းပေမယ့် ဗီတာမင်စီ လုံလုံလောက်လောက်မရှိရင် စိတ်ပင်ပန်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပျော်ရွှင်လန်းဆန်းနေဖို့ ဗီတာမင်စီ လိုအပ်ပါတယ်။

🔸 လေဖြတ်နိုင်ချေကို လျှော့ချပေးပါတယ်
လေ့လာတွေ့ရှိမှု တစ်ခုမှာဆိုရင် သွေးထဲမှာ ဗီတာမင်စီ ပမာဏများများ ရှိသူက နည်းနည်းပဲ ရှိတဲ့သူနဲ့ ယှဉ်ရင် လေဖြတ်နိုင်ချေ ၄၂ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရပါတယ်။

🔸 ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်
ဆေးလိပ်ငွေ့၊ နေရောင်ခြည်ကထွက်တဲ့ ခရမ်းလွန်ရောင်ခြည် စတာတွေနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်မှာ free radicals တွေ ထွက်ပါတယ်။ ထို free radicals တွေက ကင်ဆာဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ကို free radicals တွေ ရန်ကနေ ကာကွယ်ပေးတဲ့အတွက် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

🍅 ဗီတာမင်စီကို ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်/သိုလှောင်မထားနိုင်တဲ့အတွက် အစားအသောက်ကနေ လုံလုံလောက်လောက် ရရှိဖို့အတွက် လိုအပ်ပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ ပန်းပွင့်စိမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီးတွေက ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။

⭕️ အမျိုးသားတွေအတွက်ဆို တစ်နေ့ကို 90mg၊ အမျိုးသမီးတွေအတွက်ဆို တစ်နေ့ကို 75mg လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ 120mg လိုအပ်ပါတယ်။ လူကြီးများ အနေဖြင့် တစ်နေ့ကို အများဆုံး သောက်သုံးနိုင်သည့် ပမာဏမှာ 2000mg ဖြစ်ပါတယ်။ ထိုပမာဏကျော်သွားရင်တော့ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝပြီး လှပကျန်းမာစေတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြပါစေရှင့်…💜

Leave a Comment