ပိန်ဆေးလို့ လူသိများတဲ့ Semaglutide ရဲ့ စိတ်ဝင်စားဖွယ် ဆေးသောက်နည်း

Semaglutide ကို Type 2 ဆီးချိုရောဂါ ကုသရာမှာ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ တွဲဖက်ပြီး အသုံးပြုပါတယ်။ သူ့ကို ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ဝမလာအောင် ထိန်းထားဖို့အတွက်လည်း အသုံးပြုကြပါတယ်။  ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်လို့ရတဲ့ ဆေးဖြစ်ပါတယ်။

Semaglutide ရဲ့ ခန္ဓာကိုယ်အတွင်း အလုပ်လုပ်ပုံ

  1. သွေးတွင်းသကြားဓာတ် မြင့်တက်နေချိန်မှာ Pancreas ကနေ အင်ဆူလင် ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။
  2. သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ Glucagon ဟော်မုန်း ထွက်ရှိမှုကို တားဆီးပေးပါတယ်။
  3. အစာအိမ်ထဲမှ အစားအစာတွေ အူလမ်းကြောင်းသို့ ရောက်ရှိနှုန်းကို နှေးကွေးစေတာကြောင့် အစာစားပြီးချိန် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။
  4. ဦးနှောက်ကို အချက်ပြပြီး ဆာလောင်စိတ်ကို လျှော့ချပေးကာ ဗိုက်ပြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။

Semaglutide သောက်မယ်ဆိုရင် အိပ်ရာနိုးပြီး မနက်စာမစားခင်၊ ရေတစ်ငုံစာလောက်နဲ့ပဲ သောက်ပေးရပါမယ်။ တခြားဆေးတွေလို ရေတစ်ဖန်ခွက်အပြည့် ရေများများနဲ့ သောက်ရမှာမဟုတ်ဘဲ
အကြမ်းဖျင်းအားဖြင့် 120ml ထက် မများတဲ့ရေနဲ့ သောက်ရပါမယ်။
ဘာကြောင့်လဲဆိုရင် ရေများများနဲ့ သောက်လိုက်ရင် ဆေးအာနိသင် လျော့သွားနိုင်လို့ ဖြစ်ပါတယ်။ Semaglutide က နူးညံ့တဲ့ peptide တစ်မျိုးဖြစ်ပြီး အစာအိမ်ထဲကအက်ဆစ်နဲ့ အစာခြေအင်ဇိုင်းများကြောင့် ချက်ချင်း ပျက်စီးသွားနိုင်ပါတယ်။ အဲ့လိုမဖြစ်အောင် Semaglutide ကို SNAC လို့ ခေါ်တဲ့ အထူးပါဝင်ပစ္စည်းတစ်မျိုးနဲ့ ပေါင်းစပ်ထုတ်လုပ်ကြပါတယ်။
SNAC မော်လီကျူးတွေက အစာအိမ်ကအက်ဆစ်တွေကို ဓာတ်ပြယ်သွားစေပါတယ်။ တကယ်လို့ဆေးကို ရေအများကြီးနဲ့သာ သောက်လိုက်မယ်ဆိုရင် အက်ဆစ်ကိုဓာတ်ပြယ်စေတဲ့ အာနိသင်ကို ပျံ့လွင့် သွားစေပြီး Semaglutide ကို ပျက်စီးသွားအောင် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။

အရေးကြီးတာက Semaglutide ကို သောက်မယ်ဆိုရင် ချိုးမသောက်ရပါ၊ ခြမ်းမသောက်ရပါ၊ အမှုန့်ကြိတ်မသောက်ရပါ၊ ဝါးမစားရပါ။

 နောက်တစ်ချက်ကတော့ ဆေးသောက်ပြီးတာနဲ့ ချက်ချင်း မနက်စာစားလို့ မရသေးပါဘူး။
အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ မနက်စာစားရပါမယ်၊ ပြီးမှ တခြားဆေးတွေကို သောက်ရပါမယ်။
ဘာကြောင့်လဲဆိုတော့ အစားအစာနဲ့ တခြား ဆေးတွေက Semaglutide ရဲ့ စုပ်ယူမှုကို လျော့ကျစေနိုင်လို့ပါ။

နောက်ထပ် အရေးကြီးတာတစ်ခုက မြန်မြန်ပိန်ချင်ဇောနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို တိုးပြီး မသောက်ပါနဲ့။ ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏနဲ့ ရက်အတိုင်းပဲ သောက်ရပါမယ်။

ဆေးသောက်ဖို့ မေ့သွားရင်ရော?
ဒီနေ့အတွက် ဆေးသောက်ဖို့မေ့သွားတယ်ဆို အဲ့နေ့အတွက် မသောက်တော့ဘဲ နောက်နေ့မနက်ရောက်မှ ပုံမှန်အတိုင်း ပြန်သောက်ရပါမယ်။ ၂ လုံးပေါင်းသောက်တာမျိုးတွေလည်း မလုပ်ရပါဘူး။

ပြီးတော့ ကလေးယူဖို့ စီစဉ်နေသူတွေအနေနဲ့လည်း ဆရာဝန်ကို ကြိုတင်ပြောပြဖို့ အရေးကြီးပါတယ်။
ကလေးယူဖို့ plan ရှိတယ်ဆိုရင် အနည်းဆုံး ၂ လ ကြိုတင်ပြီး Semaglutide ကို ရပ်ထားဖို့ လိုပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ Semaglutide ကို ပိန်ဆေးဆိုပြီး အလွယ်တကူ ဝယ်သောက်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် သင့်တော်တဲ့ဆေးဖြစ်ဖို့က ပိုအရေးကြီးတာကိုလည်း သတိပြုသင့်ပါတယ်။

Leave a Comment