မှန်ကန်တဲ့ လမ်းကြောင်းမှ ဆေးဝါးအသုံးပြုခြင်း
ရောဂါတစ်ခုကို သက်သာပျောက်ကင်းစေဖို့ မှန်ကန်တဲ့ “ဆေး” နဲ့ “Dose” ကို ရွေးချယ်ဖို့လိုအပ်သလို၊ “မှန်ကန်တဲ့ လမ်းကြောင်းမှ ဆေးဝါးအသုံးပြုခြင်း (Right Route of Administration)” ကလည်း ကုသမှု ထိရောက်ရေးအတွက် အလွန် အရေးကြီးလှပါတယ်။
ဆေးဝါးတစ်မျိုးစီမှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူပုံနဲ့ အာနိသင်ပြပုံချင်း မတူညီတာကြောင့် ပေးသွင်းရတဲ့ လမ်းကြောင်းတွေ မတူညီကြပါဘူး။ ဒါကြောင့် မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို မှန်ကန်တဲ့ လမ်းကြောင်းကနေ စနစ်တကျ အသုံးပြုနိုင်ဖို့ အဓိက လမ်းကြောင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 👇
📌 ၁။ ပါးစပ်မှတစ်ဆင့် သောက်သုံးခြင်း (Oral Route)
ကျွန်မတို့ အသုံးအများဆုံး လမ်းကြောင်းဖြစ်ပြီး Tablet, Capsule, Syrup နဲ့ Suspension တွေ ပါဝင်ပါတယ်။ ဒီ ဆေးပုံစံတွေထဲကမှ သတိထားရမယ့် ဆေးပုံစံတွေကို ပြောပြပါရစေ
- 🧪 Suspension (ဆေးရည်): ဆေးမသောက်မီ ပုလင်းကို အမြဲတမ်း သေချာ လှုပ်ခါပြီးမှ သောက်ရပါမယ်။
- 👅 Mouth Dissolving Tablet: ရေနဲ့ မျိုမချရဘဲ လျှာပေါ်တင်ထားရုံနဲ့ အရည်ပျော်သွားမယ့် ဆေးပြား ဖြစ်ပါတယ်။
- 👅 Sublingual Tablet: ဆေးအာနိသင် မြန်မြန်ရစေဖို့ လျှာအောက်မှာထားပြီး ငုံသောက်ရတဲ့ ဆေးပြားဖြစ်ပါတယ်။
📌 ၂။ အရေပြားပေါ် လိမ်းကျံ/ကပ်ခြင်း (Topical & Transdermal Route)
- 🧴 Topical: Cream, Ointment, Gel, Paste, Powder, Lotion နဲ့ Liniment တွေကို အရေပြားပေါ် တိုက်ရိုက်လိမ်းပြီး ဖြစ်တဲ့နေရာသက်သာစေဖို့ သုံးပါတယ်။
- 🩹 Transdermal Patch: အရေပြားပေါ်မှာ ကပ်ထားရုံနဲ့ ဆေးဝါးကို သွေးကြောထဲအထိ တဖြည်းဖြည်း စုပ်ယူစေပြီး ခန္ဓာကိုယ်တစ်ခုလုံး အာနိသင်ရောက်ရှိစေတာ ဖြစ်ပါတယ်။
📌 ၃။ အသက်ရှူလမ်းကြောင်းမှ ရှူသွင်းခြင်း (Inhalation Route)
အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါတွေအတွက် Inhaler, Nebulizer နဲ့ Rotacap တွေကို အသုံးပြုကြပါတယ်။
- 🌬 Rotacap သတိပြုရန်: Rotacap ဆေးတောင့် (Capsule) ကို လုံးဝ မျိုမချရပါဘူး! Rotahaler သို့မဟုတ် Revolizer စတဲ့ Device ထဲမှာ ထည့်ပြီးမှ ရှူသွင်းရတာ ဖြစ်ပါတယ်။
📌 ၄။ ထိုးဆေးဖြင့် ပေးသွင်းခြင်း (Parenteral Route)
ဆေးအာနိသင် အမြန်ဆုံးနဲ့ ထိရောက်မှုအမြင့်ဆုံး လိုအပ်တဲ့အခါ Injection ဖြင့် ပေးသွင်းကြပြီး IV (သွေးကြောထဲ)၊ IM (ကြွက်သားထဲ)၊ SC (အရေပြားအောက်) နဲ့ ID (အရေပြားအတွင်း) စသည်ဖြင့် ခွဲခြားထားပါတယ်။
📌 ၅။ စအိုမှတစ်ဆင့် ပေးသွင်းခြင်း (Rectal Route)
ပါးစပ်မှ ဆေးမသောက်နိုင်သော အခြေအနေများတွင် ကုသရန်အတွက် Suppository (စအိုတွင်းထည့်ရန်ဆေးတောင့် ) Rectal Cream နဲ့ Enema (စအိုတွင်း ဆေးရည်) များကို အသုံးပြုကြပါတယ်။
📌 ၆။ မိန်းမကိုယ်မှတစ်ဆင့် အသုံးပြုခြင်း (Vaginal Route)
Vaginal Tablet, Cream, Suppository နဲ့ Vaginal Ring စတာတွေကို အမျိုးသမီးရောဂါဆိုင်ရာ ကုသမှုတွေအတွက် သီးသန့် အသုံးပြုကြပါတယ်။
💡 Pharmacist တို့ရဲ့ ပန်းတိုင်
Inhaler Device ၊ Transdermal Patch စတဲ့ အသုံးပြုပုံ ရှုပ်ထွေးတဲ့ ဆေးဝါးတွေကို လူနာများ စနစ်တကျ သုံးစွဲတတ်စေဖို့ သေချာသင်ကြားပြသပေးခြင်းဖြင့် ဆေးဝါးသုံးစွဲမှု အမှားအယွင်းများကို လျှော့ချပေးနိုင်ပြီး ကုသမှုကို ပိုမိုထိရောက်စေပါတယ်။
“မှန်ကန်သော ဆေးဝါးကို မှန်ကန်သော လမ်းကြောင်းမှ အသုံးပြုခြင်းသည် ပိုမိုဘေးကင်းပြီး ထိရောက်သော လူနာစောင့်ရှောက်မှုဆီသို့ ဦးတည်စေပါသည်။”
မိဘပြည်သူများအားလုံး ဘေးကင်းကျန်းမာကြပါစေကြောင်း World Pharmacists Day အထိမ်းအမှတ်အဖြစ် ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ 🌷✨
xxx
ဤဆောင်းပါးကို ဇီဝကဆေးဆိုင်မှ Pharmacist မဇင်မာလွင် ရေးသားပါသည်။