ကြောက်စရာကောင်းတဲ့ လေးဘက်နာ မဖြစ်အောင် ကြိုတင်ကာကွယ်ပါ
🔴 လေးဘက်နာရောဂါလို့ ခေါ်တဲ့ Rheumatic diseases တွေသည် ကိုယ်ခံအားစနစ် ကမောက်ကမ ဖြစ်ခြင်းကြောင့် အရိုး၊ အဆစ်၊ အရွတ်နဲ့ ကြွက်သားတွေကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ်၊ နှလုံး၊ အာရုံကြောအဖွဲ့အစည်း၊ ကျောက်ကပ်၊ အရေပြားနဲ့ မျက်လုံးတို့ကိုပါ ထိခိုက်တတ်ပါတယ်။ အမျိုးအစားပေါင်း (၁၀၀) ကျော်ရှိပြီး အဖြစ်များတဲ့ အမျိုးအစားတွေကတော့
• Osteoarthritis ( အရိုးအဆစ်များ ရောင်ရမ်းနာကျင်သည့်ရောဂါ )
• Rheumatoid arthritis ( သွေးလေးဘက်နာ )
• Lupus or SLE ( အရေပြားလေးဘက်နာ )
• Ankylosing spondylitis ( အဆစ်ခိုင်ရောဂါ )
• Gout ( ဂေါက်ရောဂါ )
• Scleroderma ( အရေပြားထူ လေးဘက်နာ)
• Infectious arthritis ( ရောဂါပိုးဝင်ခြင်းကြောင့် အဆစ်ရောင်သည့် ရောဂါ )
• Juvenile idiopathic arthritis ( ကလေးများတွင် ဖြစ်သော အဆစ်ရောင်ရောဂါ )
• Polymyalgia rheumatica ( ကြွက်သားရောင် လေးဘက်နာရောဂါ ) တို့ ဖြစ်ပါတယ်။
⭕ Rheumatic diseases တွေကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့ မျိုးရိုးဗီဇ၊ လူနေမှုပုံစံ၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေအနေနဲ့ အဆစ်နေရာများ နာခြင်း၊ ပူခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ တောင့်တင်းခြင်း၊ လှုပ်ရှားရခက်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ အလွန်ပြင်းထန်သော အခြေအနေမှာဆိုလျှင် လမ်းလျှောက်သည့်အခါ နာခြင်း၊ လျှောက်ရခက်ခြင်းနှင့် မလျှောက်နိုင်တော့သည်အထိ ဖြစ်တတ်ပါတယ်။
❗ Rheumatic diseases တွေကို မကုသဘဲ ထားမယ်ဆိုရင် ရောဂါစဖြစ်ပြီး (၂) နှစ်အတွင်းမှာ အဆစ်တွေ ပျက်စီးသွားနိုင်ပါတယ်။ စောစီးစွာ ကုသမှုခံယူမှသာ ရလဒ်ကောင်းကို ရရှိမှာ ဖြစ်ပါတယ်။ စောစောကုသမှု ခံယူသူများ၏ (၉၀) ရာခိုင်နှုန်းတွင် အဆစ်များ ပျက်စီးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
💊 ကုသမှုများ အနေဖြင့် ဆေးဝါးများဖြင့် ကုသခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အထောက်အကူပြု ပစ္စည်းများ ဝတ်ဆင်ခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ ကို ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများကို လျှော့ချခြင်း၊ ရောဂါပိုးများမဝင်ရောက်အောင် ကာကွယ်ခြင်း၊ ဆိုဒါနှင့် အရက် အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အနီရောင်ရှိသော အသားများ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့် လေးဘက်နာရောဂါများ ဖြစ်နိုင်ချေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
🟥 လေးဘက်နာရောဂါဖြစ်လျှင် နာတာရှည် ရောင်ရမ်းခြင်းများကြောင့် ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အရိုးပွရောဂါများ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့်အတွက် ခန္ဓာကိုယ် ကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန် ပြုလုပ်သင့်ပြီး သင့်တော်သည့် ကုသမှုများကို စောစီးစွာ ခံယူသင့်ကြောင်း အကြံပြုအပ်ပါတယ်။