ပါကင်ဆန်ရောဂါဆိုတာ

🧠ပါကင်ဆန်ရောဂါဆိုတာ ဦးနှောက်အတွင်းရှိ dopamine ကို ထုတ်လုပ်သောဆဲလ်များ တဖြည်းဖြည်း ချို့ယွင်းလာပြီး ပျက်စီးသွားခြင်းကြောင့် ဖြစ်လာသော ရောဂါဖြစ်ပါတယ်။ Dopamine သည် မှတ်ဉာဏ်၊ လှုပ်ရှားမှု၊ လှုံ့ဆော်မှု၊ စိတ်ခံစားချက်၊ အာရုံစူးစိုက်မှု အပါအဝင် ခန္ဓာကိုယ်၏ လုပ်ငန်းများစွာကို တာဝန်ယူပေးသော neurotransmitter ဖြစ်ပါတယ်။

🧑‍🦯ရောဂါလက္ခဏာများအနေဖြင့် လှုပ်ရှားမှု နှေးကွေးလာခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ လက်တုန်ခြင်းနှင့် လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ရှိလာပါတယ်။

📈ပါကင်ဆန်ရောဂါသည် အယ်လ်ဇိုင်းမားရောဂါပြီးလျှင် ဒုတိယအဖြစ်အများဆုံး အာရုံကြောဆိုင်ရာရောဂါ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ လူ(၁၀)သန်းကျော်တွင် ပါကင်ဆန်ရောဂါရှိနေတယ်လို့လည်း ခန့်မှန်းရပါတယ်။ ၁၈၁၇ ခုနှစ်တွင် ထိုရောဂါအကြောင်းကို ဦးစွာ တင်ပြခဲ့သော သမားတော် James Parkinson အား အစွဲပြုပြီး ပါကင်ဆန်ရောဂါလို့ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။

👨‍🦳ပါကင်ဆန်ရောဂါက အသက်ကြီးပိုင်းရောက်မှ ဖြစ်တာ များပါတယ်။ (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းလောက်သာလျှင် အသက် (၅၀) အောက် လူတွေမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကိုတော့ မသိပေမယ့် အမျိုးသားတွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။

ပါကင်ဆန်ရောဂါကို ဖြစ်နိုင်ချေများစေတဲ့ အကြောင်းရင်း (၄) ချက်မှာ
1️⃣အသက်အရွယ်ရလာသောကြောင့်
2️⃣ပါကင်ဆန်ရောဂါ မျိုးရိုးရှိသောကြောင့်
3️⃣မိမိနေထိုင်ရာ၊ အလုပ်လုပ်ရာ ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ရှိနေသောကြောင့်
4️⃣Fluphenazine, haloperidol နှင့် chlorpromazine လို ပါကင်ဆန်ရောဂါလက္ခဏာများကို ဖြစ်စေသော ဆေးများသောက်သုံးရခြင်းကြောင့် ဖြစ်ပါတယ်။

ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းများကတော့
✅အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးတို့ကို များများစားပါ။ ကဖင်းဓာတ်ကို တတ်နိုင်သလောက် လျှော့ချပါ။
✅လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်းလို အေရိုးဗစ်လေ့ကျင့်ခန်းမျိုးနဲ့ ယောဂလို ပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုကို မြှင့်တင်ပေးတဲ့ လှုပ်ရှားမှုမျိုးအား လျောယှက်လုပ်ဆောင်ပါ။ တစ်ပတ်ကို အနည်းဆုံး မိနစ် (၁၅၀) လောက် လုပ်ပါ။
✅နာတာရှည် စိတ်ဖိစီးခြင်းက အမျိုးမျိုးသောကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့်အတွက် ပါကင်ဆန်ရောဂါ အပါအဝင် အလုံးစုံသော ကျန်းမာရေးအတွက် စိတ်ဖိစီးမှု လျှော့ချပါ။
✅သိပ္ပံနည်းကျအထောက်အထားများအရ မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်ကို ထိန်းသိမ်းထားနိုင်ပြီး ပါကင်ဆန်ကဲ့သို့သော အာရုံကြောဆိုင်ရာရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ဖို့ လုံလောက်စွာ အိပ်စက်အနားယူပါ။

ပါကင်ဆန်ရောဂါကို အရှင်းပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးမလာစေဖို့၊ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့အတွက် သောက်သုံးနိုင်သော ဆေးဝါးများနဲ့ အထောက်အပံ့ပေးသော ကုသမှုများ ရရှိနိုင်ပါတယ်။

ပါကင်ဆန်ရောဂါသည် သေစေနိုင်တဲ့ရောဂါ မဟုတ်သော်လည်း သူ့ရဲ့နောက်ဆက်တွဲဖြစ်လာတတ်သည့် ပြင်းထန်စွာ ချော်လဲခြင်း၊ အဆုတ်ရောင်ခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းတို့ကြောင့် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ထို့ကြောင့် သက်တမ်းစေ့ နေထိုင်သွားနိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူဖို့ လိုအပ်ပါတယ်။

Leave a Comment