🙅♀️ တင်းတိပ်ရှိလို့ စိတ်ဓာတ်မကျစေဖို့

တင်းတိပ်လို့ ကြားလိုက်တာနဲ့ ပျောက်ဖို့ ခက်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒီလို ဖျောက်ရခက်တဲ့ တင်းတိပ်ကို ဘယ်လို အနိုင်ယူကြမလဲ?
🪞 တင်းတိပ်ဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ အသက်(၂၀) နဲ့ (၄ဝ) ကြား အသားညိုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ လူ့ခန္ဓာကိုယ်ကို ဒုက္ခမပေးပေမယ့် အလှဖျက်သလို မတင်မကျ စိတ်ခံစားချက်တွေကို မှန်ကြည့်တိုင်း ကြုံရတတ်ပါတယ်။
🔍 တင်းတိပ် ဘာကြောင့် ဖြစ်ပေါ်ရသလဲ?
• အမျိုးသမီးတွေမှာ အဖြစ်များရတဲ့ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်တားဆေးတွေ သောက်နေရတဲ့ ကာလတစ်လျှောက်မှာ ဟော်မုန်းအပြောင်းအလဲ များခြင်းကြောင့် ဖြစ်ပါတယ်။
• လူတိုင်းမှာ တင်းတိပ်ဖြစ်စေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ နေလောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အတက်ကျဆေးများ၊ အချို့သော ပိုးသတ်ဆေးများဟာ အသားအရေကို ပိုပြီး sensitive ဖြစ်စေတဲ့အတွက် နေရောင်ကို အထူးသတိထားဖို့ လိုအပ်ပါတယ်။
• နောက်တစ်ချက်က Stress တွေ များတဲ့အခါ cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်ပါတယ်၊ cortisol ဟော်မုန်းတွေ များလာပြီဆိုတာနဲ့ တင်းတိပ်ကျတတ်ပါတယ်။ ဒါကြောင့် stress တွေကိုလည်း တတ်နိုင်သလောက် လျှော့ချဖို့ လိုအပ်ပါတယ်။
• လည်ပင်းက သိုင်းရွိုက်ဂလင်းမှာ ပြဿနာ တစ်စုံတစ်ရာ ရှိတဲ့ အခါမှာလည်း တင်းတိပ်ကျတတ်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။
• ဗီတာမင် B12 ချို့တဲ့ခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ အသည်းလုပ်ဆောင်ချက် မကောင်းခြင်းတို့နှင့်လည်း ချိတ်ဆက်လျက် ရှိပါတယ်။
🛡 တင်းတိပ်ကို ကာကွယ်လို့ရပါသလား?
မျိုးရိုးဗီဇ၊ အသားအရောင်၊ နေရောင်နှင့် ထိတွေ့ရမှု၊ ဟော်မုန်း စတာတွေကြောင့် တင်းတိပ်ကို အပြည့်အဝတော့ မကာကွယ်နိုင်ပါဘူး။
✅ ဒါပေမယ့် အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ လုပ်ဆောင်ပေးရမယ့် အချက်တွေကတော့
• မနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ရပါမယ်၊
• ရေစိုချွေးစိုခံပြီး SPF 30+ ပါတဲ့ sunscreen သုံးပေးရပါမယ်၊ UVA/UVB နှစ်မျိုးလုံးကို ကာကွယ်နိုင်တဲ့ sunscreen မျိုးကို ရွေးချယ်သင့်ပါတယ်။ အိမ်ထဲမှာနေရင်လည်း sunscreen လိမ်းပါ၊ အပြင်မထွက်ခင် ၁၅ မိနစ်ခန့် ကြိုပြီး လိမ်းပါ၊ ၂ နာရီခြားတစ်ခါ ပြန်လိမ်းပါ။ အပြင်ထွက်ရင် ဦးထုပ်၊ ထီးဆောင်းပါ။
• တစ်ရက်ကို အိပ်ချိန် ၇နာရီ/၈နာရီ ပြည့်အောင် အိပ်ရပါမယ်။
• ဟော်မုန်းဆေးတွေကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်မယ်ဆိုရင်တော့ တင်းတိပ်မကျအောင် ကာကွယ်နိုင်မှာ ဖြစ်သလို ပိုမဆိုးအောင်လည်း ထိန်းနိုင်မှာ ဖြစ်ပါတယ်။
🥦 အစားအသောက်
• အချဉ်ဓာတ်ရှိတဲ့ အသီးများ၊ အရောင်အသွေးစုံတဲ့ ဟင်းသီးဟင်းရွက်များ၊ အစိမ်းရင့်ရောင် အရွက်များ၊ salmon ငါး၊ ဗာဒံစေ့ စတာတွေ စားပေးသင့်ပါတယ်။
• ရှောင်ရမယ့် အစားအသောက်တွေကတော့ ပေါင်မုန့်၊ ပဲနို့၊ တို့ဖူး၊ အသီးခြောက်၊ ပဲ၊ နှမ်း၊ အုတ်ဂျုံ၊ အရက်ဘီယာ၊ ဂျင်ဆင်းတို့ ဖြစ်ပါတယ်။
🩺 တင်းတိပ် ကုသနည်း
• ရောင်ရမ်းမှုတွေကလည်း တင်းတိပ် အရောင်ကို ပိုထင်းစေတဲ့အတွက် အရောင်ကျစေတဲ့ ဗီတာမင်တွေနဲ့ Antioxidants တွေ မှီဝဲဖို့ လိုအပ်ပါတယ်။ Supplement အနေနဲ့ Vitamin C, E, B12, B5 နဲ့ Glutathione ပါတဲ့ဆေးတွေ သောက်သုံးနိုင်ပါတယ်။
• လိမ်းဆေးအနေဖြင့် Lazma cream လို Fluocinolone acetonide, Hydroquinone နဲ့ Tretinoin ပါတဲ့ ဆေးကို လိမ်းပေးနိုင်ပါတယ်။ ညမအိပ်ခင် မိနစ် (၃၀) အလိုမှာ လိမ်းရပါမယ်။ မျက်နှာသစ်၊ ခြောက်အောင် သုတ်ပြီးနောက် ပါးပါးလိမ်းပေးပါ။ နေ့ဘက်မှာတော့ SPF 60 ပါတဲ့ sunscreen အသုံးပြုပေးရပါမယ်။
• အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ အရေးပြား အထူးကု ဆရာဝန်ရဲ့ လမ်းညွှန်မှုအတိုင်း ကုသမှုကို ကောင်းမွန်စွာ ခံယူခြင်း ဖြစ်ပါတယ်။ တင်းတိပ်ရှိလို့ စိတ်ဓာတ်ကျမနေဘဲ စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်ရင်း လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြဖို့ ဇီဝကမှ ဆုမွန်ကောင်းပြုလိုက်ပါတယ်…💜